Skip to main content

တန်ဆောင်မုန်းလပြည့်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကား

နေပြည်တော် နိုဝင်ဘာ ၂၇

တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ မြန်မာ့ယဉ်ကျေးမှုဓလေ့နှင့် မြန်မာတို့၏စိတ်ရင်းကို ဖော်ညွှန်းပြသနေသည့် မြန်မာ့ ၁၂ လ ရာသီပွဲတော်များအနက် တန်ဆောင်မုန်းပွဲတော်သည် မြန်မာတို့၏ အလှူသဒ္ဓါတရားထက်သန်မှု၊ ဘာသာတရားကိုင်းရှိုင်းမှုတို့ကို အထင်အရှားမြင်တွေ့ရသည့် ပွဲတော်တစ်ခုဖြစ်သည်။

ကုသိုလ်ဒါနသီလပွားများ

ယနေ့ ကျရောက်သည့် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဘုရားဖူးလာရောက်ကြသူများ၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကြသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများ၊ ကထိန်လျာသင်္ကန်းကပ်လှူကြသူများ၊ ကုသိုလ်ဒါန သီလပွားများကြသူများဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၅)ကြိမ်မြောက် တန်ဆောင်တိုင် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို အဆိုပါစေတီလိုဏ်တော်အတွင်း၌ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက စေတီတော်လိုဏ်တော်အတွင်းရှိ ဗုဒ္ဓပဋိမာရုပ်ပွားဆင်းတုတော်များနှင့် စေတီတော်အရှေ့မြောက်ထောင့်ရှိ မဟာဆုတောင်းပြည့်ဘုရားကြီးအား တန်ဆောင်တိုင် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပြီး ရုပ်ပွားတော်များအား မြသပိတ်တော်ဖြင့် ဆွမ်း၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေချမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

ပရိတ်တရားတော်များကိုနာယူ

ထို့နောက် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော်၊ လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက်ပဓာနနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက်ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရားနာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

ဆွမ်းဆန်စိမ်းလောင်းလှူ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဗုဒ္ဓဂယာ (နေပြည်တော်)၊ မဟာသကျရံသီ ရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်၊ ရန်အောင်ချမ်းသာဘုရား၊ ဓာတုဇယဓာတ်ပေါင်းစုစေတီတော်၊ ထာဝရငြိမ်းချမ်းရေးစေတီ၊ လှေခွင်းတောင်တန်ခိုးကြီးဘုရား၊ ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့်လောကမာရဇိန်စေတီ၊ သံသရာငြိမ်းအေးစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီ၊ ဖောင်တော်ချက်မစေတီ၊ လက်လုပ်တောင်စေတီ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများသည် တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ တရားသဘင်များကျင်းပခြင်း၊ ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်ခြင်းများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း ရတနာဆင်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်ရှိ ရတနာဆင်ဖြူတော်အဆောင်တွင် ဆင်စာကျွေးကြသူများ၊ နိဗ္ဗာန်ကုန်ဆိုင်များနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင်လည်း ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

အပန်းဖြေကြသူများဖြင့်စည်ကား

ထို့အတူ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ လမ်းများ၌ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် စုပေါင်းမဟာဘုံကထိန်များ လှည့်လည်ခြင်း၊ စတုဒိသာများကျွေးမွေးခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်များကျင်းပခြင်း၊ Ocean Super Center ၊ Juction Center ၊ Naypyitaw Wholesale တို့တွင် ဈေးလာဝယ်ကြသူများ၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ လှေခွင်းတောင်အပန်းဖြေစခန်းနှင့် မင်္ဂလာကန်တော်တွင် အပန်းဖြေလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် နေပြည်တော်ရေပန်းဥယျာဉ်အတွင်း ကျင်းပလျက်ရှိသည့် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ်များအဖြစ် နိုင်ငံကျော်တေးသံရှင်များက DJ, Music Band များနှင့်အတူ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် ဖျော်ဖြေကြရာ လာရောက်လည်ပတ်ကြည့်ရှုကြသူများဖြင့် စည်ကားလျက်ရှိသည်။

ပံ့သကူလိုက်လံကောက်ကြ

ညပိုင်းတွင်လည်း ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး စေတီတော်ရင်ပြင်တွင် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲကျင်းပရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီများနှင့်နေအိမ်များ၌ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးနှင့် မီးရောင်စုံထွန်းညှိပူဇော်ကြသူများ၊ မဲဇလီဖူးသုပ်ဒါနပြုကြသူများ၊ ပံ့သကူလိုက်လံကောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးလာရောက်ကြသည့် ပြည်သူများကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း စိတ်အေးချမ်းစွာကုသိုလ်ပြုနိုင်ရန် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကိုလည်း တွေ့ရသည်။

သတင်း - လုလင်ငယ်

ဓာတ်ပုံ - ပြည့်စုံ