Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်းပွဲတော် အောင်မြင်စွာကျင်းပပြီးစီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲခဲ့ကြ

နေပြည်တော် နိုဝင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်နောက်ဆုံးနေ့ကို ယနေ့စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။

ယနေ့သည် တန်ဆောင်မုန်းလပြည့်နေ့နှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီး၏ နောက်ဆုံးရက်ဖြစ်သည်နှင့်အညီ ဘုရားမုခ်ဦးအပြင် ကားရပ်နားရာနေရာများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးကားများ ပြည့်လျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဘုရားအဝင်အထွက်လမ်းကြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက် စနစ်တကျဆောင်ရွက်ပေးကာ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း မီးထွန်းပွဲတော်ကြီး၌လည်း တပျော်တပါး ပါဝင်ဆင်နွှဲရန် ရောက်ရှိလာကြသည့် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်ကို ကြည်နူးဖွယ်ရာတွေ့မြင်ရသည်။

ဘုရားမုခ်ဦးများ ရှေ့၌လည်း တန်ဆောင်တိုင်မီးထွန်းပွဲတော်လာ ဘုရားဖူးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်လက်အေးချမ်းစွာ ဘုရားဖူးမြော်ပါဝင်ဆင်နွှဲနိုင်ရေးအတွက် တာဝန်ရှိသူများက လုံခြုံရေးအရလိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပေးပြီး ပွဲတော်အတွင်း ကုသိုလ်ပြု ဆီမီးထွန်းညှိနိုင်မည့်နေရာများ၊ မီးပုံးပျံလွှတ်တင်ပူဇော်မည့်နေရာများ၊ ဈေးပွဲတော်နေရာများနှင့် အခြားသွားရောက်လေ့လာနိုင်မည့်နေရာများကို အလွယ်တကူ သွားရောက်နိုင်ရေးအတွက် လမ်းညွှန်ပြသပေးကြသည်။

ထို့နောက် တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများသည် စိတ်အေးချမ်းသာစွာဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်အတွင်း ဆီမီးကပ်လှူပူဇော်ခြင်း၊ အသံမစဲပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြရာ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း မြတ်စွာဘုရားရှင်၏ တရားဓမ္မသံများဖြင့် စိတ်ကြည်နူးဖွယ်ရာ ဖုံးလွှမ်းလျက်ရှိသည်။

မြတ်စွာဘုရားရှင်အား မီးပုံးပျံလွှတ်တင်၍ ပူဇော်မည့်နေရာအသီးသီး၌လည်း ဘုရားဖူးလာပြည်သူများက ကြိုတင်စောင့်ဆိုင်းရောက်ရှိနေကြပြီး မီးပုံးပျံအောင်မြင်စွာ လွှတ်တင်နိုင်ရေးအတွက် တာဝန်ရှိသူများဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း အထူးစိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။

ထို့နောက် မီးပုံးပျံလွှတ်တင်၍ မြတ်စွာဘုရားရှင်အား ပူဇော်မည့်အချိန်ရောက်ရှိသည့်အခါတွင် ဘုရားဝင်းအတွင်း သတ်မှတ်နေရာများအလိုက် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ခြင်း၊ မီးပုံးပျံအသေးများ၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများအား ကောင်းကင်ယံထက်သို့ အောင်မြင်စွာ လွှတ်တင်ပူဇော်ကြရာ ဘုရားဖူးလာပြည်သူများ၏ ကြည်နူးပီတိလက်ခုပ်သံများသည်လည်း နေပြည်တော် တန်ဆောင်မုန်းလ၏ ညအလှကို ပိုမိုပေါ်လွင်စေခဲ့သည့်အပြင် အဆိုပါမီးပုံးပျံလွှတ်တင်ပူဇော်မှုများကို နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် တိုက်ရိုက်(Live) ထုတ်လွှင့်ပြသခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် ပြည်သူများ ရုပ်မြင်သံကြားတို့မှတစ်ဆင့် ပူဇော်ခွင့်ရရှိခဲ့ကြသည်။

ထို့ပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌လည်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိသည့်အတွက် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီ၊ ပုထိုးများ၏ သပ္ပာယ်မှုများနှင့် အံ့မခန်း ဗိသုကာလက်ရာများကိုလည်း ဘုရားဖူးလာပြည်သူများအနေဖြင့် တစ်နှစ်တွင် တစ်ကြိမ်သာကြုံတွေ့ရမည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်ယှဉ်တွဲ၍ ဖူးမြော်ကြည်ညိုလေ့လာနိုင်ကြမည်ဖြစ်သည်။

ဆက်လက်၍ ကျောက်စာရုံစေတီတော်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရားများ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို လေ့လာကြသည့် ဘုရားဖူးလာပြည်သူများနှင့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌လည်း မိသားစုအလိုက်သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့လိုက်သော်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။

ထို့အတူ ပွဲတော်လာပြည်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်ကောင်းများအဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မြဝတီတေးဂီတအဖွဲ့တို့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော်တေးသံရှင်များကလည်း တေးသီချင်းကောင်းများဖြင့် သီဆိုဖျော်ဖြေကြရာ လာရောက်အားပေးနားဆင်ကြသည့် တေးချစ်သူများဖြင့်လည်း ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

အလားတူ ဘုရားဖူးလာပြည်သူများ ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူနိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ဝင်တစားဖြင့် ကြိတ်ကြိတ်တိုးဝယ်ယူလျက်ရှိကြသည့်အပြင် ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ၌လည်း မြန်မာမုန့်များအား နှစ်သက်စွာဖြင့် ဝယ်ယူအားပေးကြသူများကိုလည်း တွေ့မြင်ရသည်။

ထို့ပြင် ဘုရားဖူးလာကလေးငယ်များအတွက်လည်း ကလေးကစားကွင်းထားရှိပေးထားရာ ကစားနည်းများအလိုက် စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ကစားနေကြသည့် ကလေးငယ်များဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။

တန်ဆောင်တိုင် မီးထွန်းပွဲတော်လာ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး ပွဲတော်ကိုဆင်နွှဲနိုင်ရေးအတွက်လည်း တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က ဘုရားပရိဝုဏ်အတွင်း စနစ်တကျလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသည့်အပြင် ဘုရားဖူးလာပြည်သူများ ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများ ဖွင့်လှစ်ထားရှိသည်ကိုလည်း တွေ့မြင်ရသည်။

အဆိုပါ တန်ဆောင်တိုင်မီးထွန်းပွဲတော်အား နိုဝင်ဘာ ၂၅ ရက်မှ ယနေ့အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအနေဖြင့်လည်း ပွဲတော်ကြီးအား စိတ်အားထက်သန်စွာတစ်ခဲနက် ပါဝင်ဆင်နွှဲခဲ့ကြသည့်အတွက်လည်း အထူးစည်ကားများပြားခဲ့ကာ တန်ဆောင်တိုင်ည၏ အလှနှင့် ရသကို အပြည့်အဝခံစားနိုင်ခဲ့ကြောင်း သိရှိရသည်။

မျိုးဆက်သစ်၊ ဓာတ်ပုံ-ထိန်အေး