တန်ဆောင်မုန်းလသည် မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် အဋ္ဌမမြောက်လဖြစ်သည်။ တန်ဆောင်မုန်းကို ပုဂံခေတ်ကျောက်စာတွင် “တန်ဆောင်မှုန်၊ တန်ဆောင်မှုန်း”ဟု ရေးထိုးထားကြသည်။ ယင်းမှတစ်ဖန် တန်ဆောင်မုန်းဖြစ်လာဟန်တူသည်။ “တန်ဆောင်”သည် မီးရှူး၊ မီးတိုင်၊ ဆီမီးဟု အဓိပ္ပာယ်ရသည်။ “မှုန်း” မှာ တောက်ပစေခြင်း၊ ထွန်းညှိခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဆီမီးတန်ဆောင် ထွန်းပြောင်သောလဟု ဆိုနိုင်သည်။
တန်ဆောင်မုန်းလတွင် ရက်အားဖြင့် ရက် ၃၀ ရှိသည်။ နာရီအားဖြင့် နေ့ ၂၈ နာရီ၊ ညဉ့် ၃၂ နာရီရှိသည်။ နေ့တာတို၍ ညတာရှည်သောလဖြစ်သည်။ ရာသီအလိုဗြိစ္ဆာခေါ်သည်။ ကြတ္တိကာနက္ခတ်နှင့် စန်းယှဉ်ပြည့်ကာ ကျီးတာရာထွန်းပသည်။ ရာသီရုပ်မှာ ကင်းမလက်မည်းပုံဖြစ်သည်။ ကြတ္တိကာနက္ခတ်နှင့် စန်းယှဉ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းကိုစောင့်သော နတ်တို့သည် မဲဇလီပင်စောင့်နတ်မင်းအား တညီတညွတ်တည်း အခစားရောက်လာကြသည်ဟုဆိုသည်။ သို့ကြောင့် မဲဇလီပင်သည် ဆေးပေါင်းခသည့်အပင်ဖြစ်သည်ဟု ရှေးအယူအဆရှိကြသည်။
“ခဝဲပွင့်ချိန် ခင်းကထိန်” အစချီသော ကင်းဝန်မင်းကြီး၏ သံပေါက်လင်္ကာအရ တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။ ဤလတွင် ပွင့်သောပန်းကို နက္ခတ်ကြိုက်ပန်းဟု ဆိုကြသည်။ ထို့အပြင် အသီးတွင် ခေါင်းပါရှိသော ဓားခဝဲများလည်းရှိသေးသည်။ ဓားခဝဲသည် ချက်ပြုတ်စားသောက်ရာတွင် အရသာရှိသည်။ တောင်သူလယ်သမားဦးကြီးများအတွက် အားဖြည့်ပေးသော အာဟာရတစ်မျိုးပင်ဖြစ်သည်။ တန်ဆောင်မုန်းလတွင် ကောက်စောစပါးများ မှည့်ဝင်းငိုက်တွဲကုန်ပြီဖြစ်သည်။ ထို့ကြောင့် တောင်သူများ အားသွန်ခွန်စိုက် ကောက်ရိတ်သိမ်းမှုပြုကြသည်။ တောင်သူရွှင်ပြုံး တန်ဆောင်မုန်းဟုလည်း ဆိုကြသည်။
မွန် ဆယ့်နှစ်ရာသီဖွဲ့တွင်လည်း တန်ဆောင်မုန်းလကို “တန်ဆောင်မုန်းလ ရောက်သောအခါ မရွဲသီးရင့်ချိန်တန်ပြီဖြစ်၍ လူများသည် လယ်တောများသို့ ပြောင်းရွှေ့သွားကြသဖြင့် မွန်ရွာများအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက် ရှိကြကုန်သည်။ တန်ဆောင်မုန်းလတွင် အလှူသင်္ကန်းများကို ဆက်ကပ်လှူဒါန်းရန် ကထိန်ခင်းကြကုန်သည်။ အချို့သည်လည်း မြို့ရွာများမှ သကြားများကိုဝယ်ယူပြီး လယ်တောများ၌ မုန့်ဆန်းများ စုထောင်းကြကာ တပျော်တပါး နယ်ကြ၊ ဝေကြ၊ စားကြကုန်သည်”ဟု ဖွဲ့ဆိုထားသည်။ စင်စစ်တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ်ကောင်းသောလဖြစ်သလို အထူးသဖြင့် တောင်သူလယ်သမားများ ပျော်ရွှင်ချမ်းမြေ့ကြသော လဟုလည်းဆိုထိုက်သည်။
မွေ့လျော်ဖွယ်ကောင်းသော တန်ဆောင်မုန်းလ၏ ထင်ရှားသောအမှတ်အသားမှာ အလှူကထိန်ခင်းခြင်းဖြစ်သည်။ ဤလသို့ရောက်သောအခါ မြန်မာနိုင်ငံအရပ်ရပ်၌ ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကထိန်အလှူပွဲများ စုပေါင်းကျင်းပကြသည်။ ရှေးခေတ်အခါက “နတ်တော်မည်ရ၊ နတ်လရာသီ၊ ခါတော်မီဟု အင်္ကျီဒုယင်၊ ရွှေနန်းခွင်ဝယ်၊ ဘုရင်နေမျိုး၊ မြတ်သတိုးဟု၊ ဆင်ရိုးသစ်လဲ၊ မင်းပွဲတစ်ရပ် ခေါ်ပညတ်လျက်၊ ဖျဉ်ထပ်မင်္ဂလာ”ဟု မဟာအတုလမင်းကြီးမှတ်တမ်းအရ ထေရဝါဒဗုဒ္ဓဘာသာအခြေမခံသော နတ်ပွဲ၊ နတ်ချော့ပွဲများရှိခဲ့သည်။ နတ်ပွဲများနှင့်အတူ ဖျဉ်ထပ်မင်္ဂလာပွဲတော်ကို နတ်တော်လတွင် ကျင်းပကြကြောင်းသိရသည်။ ဖျဉ်ထပ်မင်္ဂလာပွဲဆိုသည်မှာ ရှင်ဘုရင်က အမတ်ကြီးများနှင့် ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့အား သင့်ရာအဝတ်အထည်တို့ကို ဆုလာဘ်အဖြစ် ချီးမြှင့်သည့်ပွဲ ဖြစ်သည်။ ဘုရင်ကိုယ်တိုင်လည်း ဝတ်လဲတော်အဟောင်းအသစ် လဲလှယ်ဝတ်ဆင်သည့် ကာလဖြစ်သည်။
တန်ဆောင်မုန်းလ၏ အခြားထင်ရှားသည့်ပွဲမှာ ဆီမီးထွန်းပွဲတော်ဖြစ်သည်။ တန်ဆောင်တိုင် ဆီမီးထွန်းပွဲတော်၏ မူလမြစ်ဖျားခံရာမှာ နက္ခတ်သဘင်ပွဲဖြစ်သည်။ ထိုပွဲမှာ ဗုဒ္ဓဘာသာမှဆင်းသက်သော ဘာသာရေးပွဲတော်မဟုတ်ဘဲ လောကီပျော်ရွှင်မှုတို့ကို ပိုမိုအလေးထားသော နက္ခတ်သဘင်ပွဲဖြစ်သည်။ နက္ခတ်ပွဲသဘင်မှာ ဗုဒ္ဓမပွင့်မီနှစ်ပေါင်း ထောင်ပေါင်းများစွာကပင် ထွန်းကားခဲ့သောပွဲတော်ဖြစ်သည်။ အစဉ်အလာအားဖြင့် ရှေးမင်းအဆက်ဆက်တို့က နှစ်စဉ်ကျင်းပသော မီးထွန်းပွဲတော်ဖြစ်ကြောင်း ဇာတ်နိပါတ်များတွင်တွေ့ရသည်။ ဤလ၊ ဤရက်တွင် ရှေးဘုရင်ဧကရာဇ်တို့က ဆီမီးရောင်ရှိန်တထိန်ထိန်ထွန်းညှိခြင်းဖြင့် တန်ဆောင်တိုင်ပွဲတော်ကို ခြိမ့်ခြိမ့်သဲကျင်းပကြသည်။ ဆီမီးထွန်းပွဲသည် ကြတ္တိကာနက္ခတ် အတွက်ဖြစ်ခဲ့သည်။ ယခုအခါ တန်ဆောင်မုန်းလ တန်ဆောင်တိုင်ပွဲတော်ကို ဘုရားမြတ်စွာအား ရည်မှန်းပူဇော်ကြသည်။
မည်သို့ပင်ဖြစ်စေ တန်ဆောင်မုန်းလသည် လောကတစ်ခွင် ကြည်လင်ထွန်းပပြီး ဥတုသပ္ပာယမျှတသည့် မွေ့လျော်ဖွယ်ကောင်းသောလဖြစ်သည်နှင့်အညီ ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားပြည်သူများ ရှေးယဉ်ကျေးမှု ကောင်းမြတ်သောအစဉ်အလာများဖြစ်သော ကထိန်သင်္ကန်း စုပေါင်းဆက်ကပ်လှူဒါန်းခြင်း၊ မြတ်စွာ ဘုရားရှင်အားရည်မှန်း၍ ဆီမီးတန်ဆောင် ထွန်းညှိပူဇော်ခြင်း စသည့်ကောင်းမှုအစုစုတို့ကို ပြုလုပ်ကြသော လမြတ်မင်္ဂလာအချိန်အခါကောင်းဖြစ်ပါကြောင်း။ ။
ကြေးမုံ (အယ်ဒီတာ့အာဘော်)