နေပြည်တော် နိုဝင်ဘာ ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်း၊ နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက်များ e-ID Server အတွင်း ဖြည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီး ကောက်ယူရရှိသည့် အချက်အလက်များကို မြို့နယ်ရုံးများရှိ မှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်၍ ရုံးချုပ်ရှိ e-ID Server အတွင်း စိစစ်ဖြည့်သွင်း ဆောင်ရွက်လျက်ရှိရာ တွေ့ရှိ ချက်များအရ ဖြေရှင်းဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ များပြားနေသည့်အတွက် ပြန်လည်စိစစ် သုံးသပ်ကာ အမှန်တကယ် အိမ်ထောင်စုစာရင်း မရှိသူများ၊ နိုင်ငံသားကတ် မရှိသေးသူများကို ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်၍ အမြန်ဆုံးဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ယင်းစာရင်းများသည် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အရေအတွက်ပမာဏ များစွာရှိနေသည့်အတွက် တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျစိစစ်၍ ထိထိရောက်ရောက် ကြပ်မတ် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများအနေဖြင့် လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အဆင့်ဆင့်ကြပ်မတ် ကွပ်ကဲကြရန် အရေးကြီးပါကြောင်း၊ အောက်ခြေဝန်ထမ်းများ၏ တွေ့ကြုံရသည့် အခက်အခဲများကိုလည်း မေးမြန်းဆွေးနွေးကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြရန်နှင့် အထက်ဌာနအဆင့်ဆင့်သို့ ဆက်လက်တင်ပြကြရန် လိုကြောင်း၊ လုပ်ငန်းများ၏ အရေးပါမှုကို သိရှိနားလည်ကြပြီး အချိန်မီပြီးစီးနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမှုကို လည်း ကောင်း၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက မြို့နယ်ရုံးများရှိ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်ကတ်ပြားထုတ်ပေးမှုများမှ အချက်အလက်များကို e-ID Server သို့ ဖြည့်သွင်းစိစစ်ဆောင်ရွက်နေမှု၊ Biographic / Biometric ကောက်ယူဆောင်ရွက်နေမှု နှင့် စက်ကိရိယာများ စနစ်တကျကိုင်တွယ်ထိန်းသိမ်းရေးကို လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့်အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်