Skip to main content

သာကေတမြို့နယ်အတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ် ဧရာဝဏ်လမ်းရှိ ပြည်သူ့ဆေးရုံဘေးရေမြောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ သာကေတမြို့နယ် ဇင်္ဂမလမ်း လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းနေမှု၊ အမှတ်(၁) စျေး ရောင်းဝယ်ဖောက်ကားနေမှု၊ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုနှင့် ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်အတွက် အလှမီးပုံးများ ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါနေရာများသို့ ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဝင်းအတွင်းရှိ ရေစစ်ကန်နှစ်ကန်ကို ပြန်လည် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီး အနီးရှိရပ်ကွက်အချို့နှင့် ပြည်သူ့ဆေးရုံသို့ ရေပေးဝေနိုင်ရေးဆောင်ရွက်ရန်၊ ဧရာဝဏ်လမ်းတစ်လျှောက် သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ပြီး လမ်းသားတိုးချဲ့ခင်းရန်၊ ဇင်္ဂမလမ်းအား ကွန်ကရစ်လမ်းသားတိုးချဲ့ခြင်းလုပ်ငန်းပြီးစီးပါက ရေစီးရေလာကောင်းမွန်စေရေး လမ်းဘေးရေမြောင်းများ စနစ်တကျဖောက်လုပ်ထားရှိရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ လမ်းတိုးချဲ့မှုလုပ်ငန်း ဆောင်ရွက်နေစဉ် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စရေး အလေးထားဆောင်ရွက်ရန်၊ ဇင်္ဂမလမ်းရှိဈေးများနှင့် ကုန်စည်ပွဲရုံများဌာန အမှတ် (၁) ဈေးရုံအဝင်လမ်းကို ခင်းကျင်းပေးရန်၊ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက် ဝန်းကျင်သန့်ရှင်းသာယာရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်