Skip to main content

မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များအကြား MoU ရေးထိုး၍ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်လျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၁၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့တွင် အိန္ဒိယနိုင်ငံအစိုးရက ကြီးမှူးကျင်းပသော “2nd Voice of Global South Summit (VOGSS 2.0)” "Together for Everyone's Growth, With Everyone's Trust" ထိပ်သီးဆွေးနွေးပွဲ၏ ဆက်စပ်အစည်းအဝေးဖြစ်သော ပညာရေးဝန်ကြီးများအဆင့် အစည်းအဝေးသို့ Online ဖြင့် တက်ရောက်ဆွေးနွေးသည်။

အဆိုပါအစည်းအဝေးကို “Making Human Resources Future Ready” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးရာတွင် ပညာရေးသည် ၂၁ ရာစု၏ အသိပညာနှင့် စွမ်းဆောင်ရည်ရရှိရန် အခြေခံလိုအပ်ချက်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းရည်မြင့်မားရေးတို့သည် ပညာရေးတိုးတက် ပြောင်းလဲမှုအတွက် မရှိမဖြစ်လိုအပ်သည်မှာ ငြင်းဆို၍မရပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများကို အသစ်ခန့်အပ်သော တက္ကသိုလ်ဆရာ ဆရာမများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများအား ပို့ချခဲ့ပါကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များအကြား MoU ရေးထိုး၍ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်လျက်ရှိသကဲ့သို့ ပညာတော်သင်များလည်း စေလွှတ်လျက်ရှိပါကြောင်း၊ ယခုကျင်းပသော ထိပ်သီးအစည်းအဝေးမှရရှိသော အဖိုးတန်ဆွေးနွေးချက်များကို ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ရောက်ရှိနိုင်မည်ဟု အခိုင်အမာယုံကြည်ကြောင်း ပြောကြားသည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုများ၊ အတွေ့အကြုံများကို တင်ပြဆွေးနွေးကာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး အိန္ဒိယနိုင်ငံ ပညာရေးဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ ထိပ်သီးဆွေးနွေးပွဲကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်