Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနှင့်အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုလုပ်ငန်းအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်ဖိုရမ် (၂၀၂၃) သို့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၇

ဘေးအန္တရာယ်ကြောင့်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုလုပ်ငန်းအတွက် ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်ဖိုရမ် (၂၀၂၃) (2023 Belt and Road Ministerial Forum for International Cooperation in Disaster Risk Reduction and Emergency Management - BRIDRREM) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံကကြီးမှူး၍ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းတွင် Video Conferencing စနစ်ဖြင့်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. LIU Guozhong က ယနေ့ဖိုရမ်ကို “Emergency Management: Safety and Prevention First” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမကြီးတွင်ပါဝင်သော နိုင်ငံများအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးကို ပိုမိုထိရောက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် နိုင်ငံအလိုက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို နိုင်ငံပေါင်း ၂၄ နိုင်ငံက အလှည့်ကျဆွေးနွေးတင်ပြရာ မြန်မာနိုင်ငံ၏ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက ဖိုရမ်ကျင်းပမှုသည် သဘာဝဘေးအန္တရာယ်၊ ရာသီဥတုပြောင်းလဲမှုနှင့် ကိုဗစ်-၁၉ ကဲ့သို့ ကပ်ရောဂါဖြစ်ပွားမှုများကို ပူးပေါင်းဆောင်ရွက်ရေးအတွက်ဆွေးနွေးရန် အချိန်အခါကောင်းဖြစ်ပါကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော လူ့အဖွဲ့အစည်း တည်ဆောက်ရန်ဆိုသော ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိစေရန် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်း ဖြေရှင်းဆောင်ရွက်ပါက အချိန်များစွာယူရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံက ၂၀၂၀ ပြည့်နှစ်တွင် BRIDRREM ကို စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်လွယ်သော နိုင်ငံဖြစ်သဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၃ ခုနှစ်နှင့် နည်းဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားရှိပြီး တည်မြဲအမိန့်ကို ပြန်လည်ပြင်ဆင်ရေးဆွဲ ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံ နိုင်ရေးအတွက် ဆိုင်ကလုန်း ဒဏ်ခံအဆောက်အဦများ တည်ဆောက်ခြင်း၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း တည်ထောင်ခြင်း၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (EOC) ကို ခိုင်မာအားကောင်းစေရန် အဆင့်မြှင့်တင်ခြင်း၊ ကြိုတင်သတိပေးစနစ်များ ပြည်သူလူထုထံ အမြန်ဆုံးရောက်ရှိစေရန် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ နည်းလမ်းစုံဖြင့်ဖြန့်ဝေလျက်ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများအတွက် ပံ့ပိုးကူညီခဲ့မှုများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ဆောင်ရွက်ရာတွင် ခေတ်မီနည်းပညာများကို အသုံးပြုပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဖိုရမ်သို့ တက်ရောက်သောနိုင်ငံများက 2023 Belt and Road Ministerial Forum for International Cooperation in Disaster Risk ReductionandEmergencyManagement(BRIDRREM) ၏ ပူးတွဲကြေညာချက် (Joint Statement) ကို အတည်ပြုခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနဝန်ကြီး Mr. WANG Xiangxi က နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

သတင်းစဉ်