Skip to main content

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပ

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)ကို အလုပ်သမား ၃၀နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် ဖွဲ့စည်းပေးထား

မန္တလေး နိုဝင်ဘာ ၁၇

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက်မြန်မာပြည် ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

နှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲသည် အလုပ်ရှင်နှင့်အလုပ်သမား အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ထိရောက်စွာဖြေရှင်းနိုင်မည့်နည်းလမ်းများနှင့် ဆုံးဖြတ်ချက်ရလဒ်ကောင်းများကို ရရှိလာစေရန် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မြန်မာပြည်အောက်ပိုင်းရှိ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဝင် များအတွက် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပခဲ့ပြီးဖြစ်ကြောင်း။

အလုပ်ရှင်၊ အလုပ်သမားအကြား အငြင်းပွားမှုကို ပြေလည်စွာ ဖြေရှင်းနိုင်ရန်နှင့် လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်လာစေရန် လုပ်ငန်းခွင်အတွင်း၌ အလုပ်ရှင်၊ အလုပ်သမား ကနဦးဆွေးနွေးညှိနှိုင်းနိုင်ရေး အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သည့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို အလုပ်သမား ၃၀ နှင့် အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် ဖွဲ့စည်းပေးထားကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် စက်မှုလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်၍ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိကြောင်း၊ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားတွင်ပါဝင်သည့် သက်ဆိုင်ရာ ကိုယ်စားလှယ်များအနေဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ ရပိုင်ခွင့်များကို ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ပြီး အဖွဲ့အစည်းစွဲမထားဘဲ အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်၏အကျိုးကို ကြည့်ရှုဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် နှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပရာ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်ရသည့် ကိစ္စရပ်များနှင့် ခုံသမာဓိကောင်စီဝင်တစ်ဦးက အလုပ်သမားရေးရာ အငြင်းပွားမှုများ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် စည်းကြပ်သည့် ဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသော စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များအား အုပ်စုသုံးစုဖွဲ့၍ အုပ်စုအလိုက် ဆွေးနွေးခြင်းများအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (မန္တလေး) သို့ရောက်ရှိပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆေးရုံတက်ရောက် ကုသနေသည့် အာမခံအလုပ်သမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) သို့ သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

သတင်းစဉ်