နေပြည်တော် နိုဝင်ဘာ ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဖြူးမြို့နယ် လူငယ့်အားမာန် သမဝါယမအသင်းနှင့် ညောင်လေးပင်မြို့နယ် ရဲနွယ်ကုန်ထုတ်သမဝါယမအသင်းတို့မှ အမှုဆောင်များ၊ အသင်းသား တောင်သူများနှင့် ကျောက်တံခါးမြို့နယ် ဆောက်လုပ်ရေးရိပ်သာ၌တွေ့ဆုံပြီး နိုင်ငံတော်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများကို ထောက်ပံ့ခဲ့ကြောင်း၊ လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကျေ ပေးသွင်းကြစေလိုကြောင်း ပြောကြားကာ အသင်းသား တောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့ ဘောနတ်ကြီး - ကင်းချောင်းလမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာနေထိုင်ပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့တပ်ကလေးမြောက်စုကျေးရွာသို့ရောက်ရှိပြီး ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည့်တံ့ခိုင်မြဲရေးအတွက် ကျေးရွာသူ ကျေးရွာသားများသာမက တာဝန်ရှိသူအားလုံး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် မှာကြား၍ ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လေ့ကျင့်ရေးစင်တာသို့ရောက်ရှိကြပြီး သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးကာ သင်တန်းပြီးဆုံးပါက ကျွမ်းကျင်သူငါးဦးကိုရွေးချယ်ပြီး ရေရှည်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရေးအတွက် လိုအပ်သည့်လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်