Skip to main content

သွေးထိုးလှုံ့ဆော်မှုများ အစဉ်သတိထား

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ ထွန်းကားလာသော မျက်မှောက်ကာလတွင် လူသားအကျိုးပြု ကောင်းသောလုပ်ဆောင်မှုများ ရရှိလာကြသည်ကို ကြိုဆိုရမည်ဖြစ်သလို တစ်ဖက်တွင် အဆိုပါ တိုးတက်ဖြစ်ထွန်းမှုကို အသုံးပြု၍ ပြည်သူအများ လူမှုစီးပွားဘဝ တည်ငြိမ်မှုပျက်ပြားစေရန် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်မှုများ၊ စိုးရိမ်ပူပန်မှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများကို သတိပြုရ မည်ဖြစ်သည်။

တိုင်းပြည်နှင့်လူထုအကျိုးစီးပွားပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်မှုများ၊ ပျက်စီးရာပျက်စီးကြောင်းဖြစ်စေမှုများ ပြုလုပ်ကြသော မသမာသူများ အစဉ်ရှိခဲ့သည်ကို သမိုင်းတစ်လျှောက်တွင် တွေ့ရမည်ဖြစ်သည်။ သတင်းအချက်အလက်နှင့် နည်းပညာများ မထွန်းကားစဉ်ကာလက ပြည်သူများကြားတွင် တီးတိုးဝါဒဖြန့်မှု၊ မဟုတ်မမှန် ကောလာဟလဖြန့်ဝေမှုများရှိခဲ့သည်။ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ ထွန်းကားလာသောကာလတွင် မမှန်သတင်းထုတ်လွှင့်မှုများ ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေသောကာလတွင် တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ စီးပွားရေးတိုးတက်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်အခါတွင် ပြည်တွင်း၊ ပြည်ပ မျက်နှာစာအသီးသီးမှ နှောင့်ယှက်ဖျက်ဆီးမှုမျိုးစုံ ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအခြေအနေတွင် မသမာသူများကလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အကြောင်းပြု၍ မဟုတ်မမှန်သတင်းများ၊ ကောလာဟလ ထုတ်လွှင့်မှုများ ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

ယနေ့အချိန်ကာလတွင် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများက နိုင်ငံပိုင်နက်နယ်မြေဒေသအချို့တွင် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်နေကြသည်ကို တပ်မတော်က စွန့်စွန့်စားစားရွပ်ရွပ်ချွံချွံ ရှင်းလင်းဖယ်ရှားလျက်ရှိရာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကိုလိုလားသော၊ တပ်မတော်ကိုချစ်ခင်မြတ်နိုးသော ပြည်သူများက ထောက်ခံအားပေး ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိနေချိန်တွင် ပြည်တွင်း၊ ပြည်ပမှ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေလိုသော မသမာသူများက တည်ငြိမ်မှုပျက်ပြားအောင်၊ ပြည်သူများ စိုးရိမ်ပူပန်မှုမြင့်မားလာ အောင် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပေးနေကြသည်ကို သတိပြုရမည်ဖြစ်သည်။

လတ်တလောတွင် ပြည်သူများကြား၌ စက်သုံးဆီနှင့်ပတ်သက်၍လည်းကောင်း၊ ကုန်ပစ္စည်းများနှင့်ပတ်သက်၍လည်းကောင်း၊ ဝန်ထမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ ငွေကြေးဆိုင်ရာနှင့်ပတ်သက်၍လည်းကောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍လည်းကောင်း မဟုတ်မမှန်သတင်းများ၊ ကောလာဟလသတင်းများထုတ်လွှင့်ပြီး တည်ငြိမ်မှုပျက်ပြားအောင် ပြုလုပ်နေသည်ကို သတိပြုကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများသည် ယခုမှပင်မဟုတ် သမိုင်းကြောင်းတစ်လျှောက်တွင်ရှိခဲ့ပြီး တပ်မတော်အနေဖြင့် ရှင်းလင်းဖယ်ရှားနိုင်သည့် စွမ်းရည်ရှိပြီးဖြစ်သည်။ အဓိကမှာ ပြည်သူလူထုကြားတွင် လူမှုစီးပွားဘဝ ထိခိုက်ပျက်စီးစေနိုင်သော နှောင့်ယှက်ဖျက်ဆီးမှုများကို အသိတရားဖြင့် သတိထားရမည်ဖြစ်သည်။

ပြည်သူများကြားတွင် ဖြစ်ပေါ်နေသည့် အခြေအနေပေါ်မူတည်၍ အမြတ်ထုတ်သည့် သွေးထိုးလှုံ့ဆော်မှုများကို စိုးရိမ်ပူပန်မတွေဝေသင့်ပေ။ အဖျက်သမားများက ပြည်သူများ တွေဝေအောင် မဟုတ်မမှန်ဝါဒဖြန့်မှုများရှိသလို မသမာသူများကလည်း အချောင်အမြတ်ထုတ်ရန် ကြံစည်လုပ်ကိုင်နေမှုများကိုလည်း သတိပြုရမည်ဖြစ်သည်။ ဝါဒဖြန့်ချိရေးနည်းပရိယာယ်အမျိုးမျိုး၌ ပြည်သူတစ်ရပ်လုံးတွင် ဖြစ်ပေါ်နေသည့် စိတ်အခြေအနေကိုကြည့်၍ မိမိရည်မှန်းချက်အခြေအနေရောက်အောင် ဖန်တီးထိန်းကျောင်းပဲ့ကိုင်သည့် နည်းလမ်းလည်းပါဝင်သည်။ အများပြည်သူ၏စိတ်ခံစားချက်ကို မိမိရည်မှန်းချက်ရောက်အောင် ဆွဲယူနည်းဖြစ်သည်။ ယခုအခါ ပြည်ပသတင်းဌာနများက ဤနည်းနိဿယကို ထိရောက်စွာအသုံးချနေကြသည်။ ဤနည်းလမ်းကို ရှေးကာလများကတည်းက အသုံးချခဲ့ပြီး ပြည်သူများအနေဖြင့် အသုံးချနေမှန်းပင်မသိအောင် ကိုင်တွယ်လျက်ရှိသည်။ မသမာသူ ဝိသမလောဘသားများကလည်း အလားတူပင်ဖြစ်သည်။

ဖြစ်ပေါ်နေသောအခြေအနေတစ်ခုအပေါ်တွင် အမြတ်ထုတ်နိုင်ရန်အတွက် အဘက်ဘက်က ကြိုးစားအားထုတ်နေကြသည်။ လက်ငင်းဖြစ်ပေါ်နေသော အခြေအနေတစ်ခုကိုအခြေခံ၍ ၎င်းတို့ ရည်မှန်းချက်သို့ရောက်အောင် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နည်း၊ သာသာထိုးထိုးနည်းများဖြင့် အသုံးချခံရသူက အသုံးချခံလိုက် ရမှန်းမသိအောင် သိမ်မွေ့နက်နဲသည့်နည်းပညာများသည် ယနေ့အွန်လိုင်းခေတ်တွင် အသုံးတွင်ကျယ်လာသည်ကို ပြည်သူများအနေဖြင့် သတိထားဆင်ခြင်ကြည့်နိုင်သည်။ လုပ်ကြံဝါဒဖြန့်၊ မဟုတ်မမှန်သတင်းဖြန့် သတင်းမှိုင်း၊ သတင်းအဆိပ်သင့်မှုသည် အလုံးစုံပင်ရှင်းပြရှင်းမရ အမှန်မသိနိုင်သည့် အခြေအနေသို့ ရောက်နိုင်သည်ကို သတိပြုသင့်သည်။

သို့ဖြစ်ရာ မျက်မှောက်ကာလတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဖန်တီးလုပ်ဆောင်နေသော အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများအား တပ်မတော်က ရှင်းလင်းဖယ်ရှားနေချိန်တွင် ပြည်ပသတင်းဌာနများက သွေးထိုးလှုံ့ဆော်မှုများ၊ ပြည်တွင်းမှ မသမာသူများက မဟုတ်မမှန်သတင်းများ ဖြန့်ဝေနေမှုကို ဆင်ခြင်သတိထား၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ စိုးရိမ်ပူပန်မှုကင်းဝေးရေးအတွက် နိုင်ငံချစ်စိတ်ဖြင့် ကိုယ်စီပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။