နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် အဓိကအခန်းကဏ္ဍမှပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်လျက်ရှိရာ စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုတိုအတွင်း ထိရောက်အကျိုး ဖြစ်ထွန်းသကဲ့သို့ ဒေသခံများအား အလုပ်အကိုင်အခွင့် အလမ်းပေးပြီး နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ ချနိုင်သည့် စွန့်ဦးတီထွင်သူ ရွှေမိုး စက်မှုလက်မှုလုပ်ငန်းရှင် တစ်ဦးနှင့်တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်-
မေး။ ။လုပ်ငန်းရှင်ရဲ့အမည်လေး ပြောပြပေးပါဦး။
ဖြေ ။ ။ကိုဝင်းထက်ဖြစ်ပါတယ်။
မေး။ ။ဒီလုပ်ငန်းကို ဘယ်အချိန်က စတင် လုပ်ကိုင်ခဲ့ပါသလဲ။
ဖြေ။ ။၂၀၁၀ ပြည့်နှစ်ကပါ။ ဦးလေးဆီမှာ ပညာသင်ယူရင်းနဲ့ပါ။
မေး။ ။ဒီလုပ်ငန်းအတွက် ကုန်ကြမ်းက ဘယ်လိုရရှိပါသလဲ။
ဖြေ။ ။ကုန်ကြမ်းကတော့ ပြည်ပကနေ ဝယ်ယူပါတယ်။ ဆိုင်တွေကတစ်ဆင့် ပြန်ယူတယ်။ အချို့ပစ္စည်းတွေတော့ ကိုယ့်ဘာသာ ကိုယ် လုပ်ပါတယ်။
မေး ။ ။ ဒီလုပ်ငန်းမှာ ဘယ်လိုပစ္စည်းတွေ အများဆုံးအသုံးပြုပါသလဲ။
ဖြေ။ ။သံထည်၊ သံပြား၊ သံလုံးတွေ အဓိက ထားအသုံးပြုပါတယ်။
မေး။ ။လုပ်ငန်းဆောင်ရွက်တဲ့အခါ ကြုံတွေ့ ရတဲ့အခက်အခဲကို ပြောပါဦး။
ဖြေ။ ။အခက်အခဲကတော့ အဓိကလျှပ်စစ်မီးပုံမှန်ရရှိဖို့လိုပါတယ်။ လျှပ်စစ်မီးရရှိမှု အပေါ်မူတည်ပြီးလုပ်ရတာမို့ လျှပ်စစ်မီးပုံမှန်ရရင် အဆင်ပြေပါတယ်။
မေး။ ။လုပ်ငန်းမှာ ပစ္စည်းအမျိုးအစားပေါင်း ဘယ်လောက်ထုတ်လုပ်ပါသလဲ။
ဖြေ။ ။ပစ္စည်းအမျိုးအစားကတော့ (၁၀)မျိုး ထုတ်လုပ်ပါတယ်။ ကျောက်ခွဲစက်၊ ဆန်ခါစင်၊ အမှုန့်ကြိတ်စက်ကတော့ နှစ်မျိုးကနေ သုံးမျိုးအထိ ထုတ်လုပ်ပါတယ်။ ကွန်ပရက်စာ၊ ကျန်တဲ့ဆက်စပ်ပစ္စည်းတွေအားလုံး ထုတ်လုပ် ပါတယ်။
မေး။ ။ဒီပစ္စည်းတွေကို ဘယ်ဒေသတွေဆီကို အများဆုံး ပို့ရပါသလဲ။
ဖြေ။ ။အဓိကကတော့ ကျောက်မိုင်းတွေရှိတဲ့ နေရာပါ။ အုန်းကျော၊ မတ္တရာတို့အပြင် ကျောက်တောင်ရှိတဲ့နေရာတွေ လမ်းခင်းတဲ့နေရာ တွေ အဓိကထားပြီး ကျောက်ခွဲစက်တွေ ပို့ရပါတယ်။
မေး။ ။ပြည်ပကို ပို့ရတာရှိပါသလား။
ဖြေ။ ။အဲဒီလိုတော့ မရှိသေးပါဘူး။ ပြည်တွင်း မှာ ကြိုးစားနေဆဲဖြစ်ပါတယ်။
မေး။ ။ဒီလုပ်ငန်းက ပြည်ကြီးတံခွန်မြို့နယ်ရဲ့ ထုတ်ကုန်တစ်ခုလို့ ပြောလို့ရပါသလား။
ဖြေ။ ။အဲဒီလောက်အထိ မဖြစ်သေးပါဘူး။ လုပ်ငန်းက ကိုယ်တိုင်ဦးစီးတာ တစ်နှစ်နီးပါးပဲ ရှိပါသေးတယ်။
မေး။ ။လုပ်အားခချီးမြှင့်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ပါသလဲ။
ဖြေ။ ။လုပ်အားခနဲ့ပတ်သက်ပြီး တစ်သမတ် တည်း မရှိပါဘူး။ လုပ်ငန်းကျွမ်းကျင်မှု ပေါ်မူတည်ပြီး ချီးမြှင့်ရပါတယ်။
မေး။ ။လုပ်သားအင်အား ဘယ်လောက်နဲ့ ဆောင်ရွက်ရပါသလဲ။
ဖြေ။ ။လောလောဆယ်မှာတော့ ငါးဦးနဲ့ ဆောင်ရွက်နေပါတယ်။
မေး။ ။ဒီလုပ်ငန်းမှာ လာရောက်လုပ်ကိုင်သူ တွေက ပြည်ကြီးတံခွန်ဒေသခံတွေလား။
ဖြေ။ ။ဟုတ်ပါတယ်။ ဒီအနီးအနား ပတ်ဝန်း ကျင်က သူတွေပါပဲ။
မေး။ ။ဒီလုပ်ငန်းဆောင်ရွက်ဖြစ်ပုံ ရည်ရွယ် ချက်လေး ပြောပြပါဦး။
ဖြေ။ ။အဓိကကတော့ ပြည်ပကနေ သွင်းနေရ တဲ့ စက်ပစ္စည်းတွေအစား ကိုယ့်နိုင်ငံက
ထုတ်တဲ့ပစ္စည်းတွေ ဈေးသက်သာစွာနဲ့ ဝယ်ယူသုံးစွဲ နိုင်အောင် ထုတ်လုပ်ပေးတာပါ။ သွင်းကုန်အစားထိုး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
မေး။ ။ဒီကနေ လုပ်ငန်းကျွမ်းကျင်ပြီး ခွဲထွက် တဲ့ လုပ်ငန်းရှိပါသလား။
ဖြေ။ ။အခု လောလောဆယ်မှာတော့ ကျွန်တော်တို့လုပ်ငန်းက တည်ထောင် ဆဲကာလမို့ လုပ်ငန်းခွဲ မရှိသေးပါဘူး။
မေး။ ။နောက်ဆုံး ဖြည့်စွက်ပြောပြချင်တာ များရှိရင် ပြောပြပေးပါဦး။
ဖြေ။ ။အများအားဖြင့် ဒီပစ္စည်းတွေဟာ ပြည်ပက လာတာများပါတယ်။ ဈေးကြီး ပေးဝယ် ရပါတယ်။ အခုလို ပြည်တွင်းကနေ ထုတ်လုပ်လိုက်တော့ ဈေးသက်သာစွာနဲ့ ဝယ်ယူ သုံးစွဲလို့ရပါတယ်။ နိုင်ငံခြားငွေ သက်သာသွားတာပါ။ ကျွန်တော်တို့ထုတ်တဲ့ပစ္စည်းရဲ့ အရည် အသွေးဟာ ကောင်းမွန်ကြောင်းလည်း သုံးစွဲသူတွေဆီက ပြန်ကြားရပါတယ်။ ဒီထက် အရည်အသွေး ကောင်းမွန်တဲ့ပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်သွားမှာပါလို့ ပြောလိုပါတယ်။ ။
တွေ့ဆုံမေးမြန်း - မေကျော်
ဓာတ်ပုံ - ခင်စောလွင်
