Skip to main content

ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၂) ကြိမ်မြောက် အာဆီယံဟော်မုန်းဗေဒအဖွဲ့အစည်း၏ ဆေးပညာဆိုင်ရာညီလာခံသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် နိုဝင်ဘာ ၁၅

ကျန်းမာရေးဝန်ကြီးဌာနသည် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်များ၊ ဆေးသုတေသနနှင့် ဆေးပညာလေ့ကျင့်သင်ကြားရေးနယ်ပယ်များတွင် အတွေ့အကြုံဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ နိုဝင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် (၂၂) ကြိမ်မြောက် အာဆီယံဟော်မုန်းဗေဒအဖွဲ့အစည်း၏ ဆေးပညာဆိုင်ရာညီလာခံသို့ တက်ရောက်ရန် မြန်မာနိုင်ငံဟော်မုန်းဗေဒ ဆေးပညာရှင်အဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ ဒေါက်တာကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြ သည်။

အာဆီယံဟော်မုန်းဗေဒအဖွဲ့အစည်း၏ ဆေးပညာဆိုင်ရာညီလာခံသည် အာဆီယံဟော်မုန်းဗေဒ အဖွဲ့ဝင် ခုနစ်နိုင်ငံ စုစည်းကျင်းပသော ညီလာခံတစ်ခုဖြစ်ပြီး အဆိုပါညီလာခံတွင် မြန်မာနိုင်ငံ ဟော်မုန်းဗေဒဆေးပညာရှင်အဖွဲ့မှ ပါမောက္ခ ဒေါက်တာမိုးဝင့်အောင်၊ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မျိုးအောင်နှင့် အထူးကုဆရာဝန်ကြီး ဒေါက်တာကြာညိုစိုးမြင့်တို့က အဓိကဟောပြောသူများအနေဖြင့် ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

ထိုသို့ ပါဝင်ဆွေးနွေးခွင့်ရရှိခြင်းဖြင့် မြန်မာနိုင်ငံ၏ ဟော်မုန်းနှင့် ဆီးချိုဆိုင်ရာကုသမှုအခြေ အနေများကို အာဆီယံနိုင်ငံများအကြား ရင်းနှီးချစ်ကြည်စွာ အမြင်ချင်းဖလှယ်နိုင်မည်ဖြစ်ပြီး ညီလာခံတွင် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများမှ ဟော်မုန်းဗေဒဆေးပညာရှင်များက နောက်ဆုံးပေါ်ကုထုံးများ/သုတေသနတွေ့ရှိချက်များကို ဆွေးနွေးတင်ပြကြမည်ဖြစ်သောကြောင့် အဆိုပါ ညီလာခံမှရရှိသော အချက်အလက်များကို မြန်မာနိုင်ငံဆေးပညာရှင်များအကြား ပြန်လည်မျှဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်