Skip to main content

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၅

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ မသန်စွမ်းသူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကိုလည်း (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ကနဦးစီမံကိန်း (၄) မြို့နယ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် စီမံကိန်းမြို့နယ် (၁၀) ခုတွင် ဆက်လက်တိုးချဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းသူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေလွယ်ကူစေရန် ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် ပစ္စည်းကိရိယာများနှင့် ဆန္ဒမဲပေးပုံပေးနည်းများကို မသန်စွမ်းသူများ သိရှိစေရေးနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ  လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားသမား (၈၂) ဦးဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် (၁၅) ခု၊ ငွေတံဆိပ် (၂၂) ခုနှင့် ကြေးတံဆိပ် (၁၉) ခု စုစုပေါင်း  ဆုတံဆိပ် (၅၆) ခုရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံ (၁၁) နိုင်ငံအနက် အဆင့်(၆) နေရာရရှိခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ အောင်ပွဲရ မသန်စွမ်းအားကစားသမားများကို နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခဲ့ပါကြောင်း၊ မကြာမီ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုများတွင်လည်း မသန်စွမ်းသူများအတွက် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးခြင်းဖြင့် မသန်စွမ်းသူများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားကဏ္ဍတွင် ပါဝင်လှုပ်ရှားနိုင်မှုကို မြှင့်တင်လှုံ့ဆော်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအ‌ဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကော်မတီဝင်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး/ပြည်နယ် လူမှုရေးဝန်ကြီးများက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်