နေပြည်တော် ဩဂုတ် ၂၆
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၁၃) ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စု သဘာတူစာချုပ် အစိတ်အပိုင်း(၃)နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် အဆိုပါ သဘောတူ စာချုပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အရ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)ကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော် ငြာစာအမှတ် (၄၈/ ၂၀၁၆)ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့စသည်ဖြင့် အစုအဖွဲ့(၃)ဖွဲ့၊ အဖွဲ့ဝင်(၄၈)ဦးဖြင့် ပြင်ဆင်ဖွဲ့ စည်းခဲ့ပါကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ကတင်သွင်းသော အထက် ပါအဆိုပြုချက်များအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၁ ရက်တွင်ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတတိယနေ့တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် ညီလာခံက အတည်ပြုခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အပိုဒ်(၂၀) အပိုဒ်ခွဲ(င)အရ အစုအဖွဲ့ အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ် ရေးထိုးခဲ့ကြပါ ကြောင်း။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အပိုဒ်(၂၀) အပိုဒ်ခွဲ (စ)တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်းဟူ၍ လည်းကောင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အခန်း(၈) အပိုဒ်(၂၈)တွင် ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်းများကိုလည်းကောင်း၊ ပြည်ထောင်စု သဘောတူစာချုပ်တစ်ရပ်လုံးကိုလည်းကောင်း အနီးဆုံးကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက် ရယူရမည် ဟူ၍ လည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ လုပ်ငန်းလမ်းညွှန် အပိုဒ်(၃) အပိုဒ်ခွဲ(ဌ) တွင် UPDJCသည် ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်းများကိုလည်းကောင်း၊ ပြည်ထောင်စု သဘော တူ စာချုပ် တစ်ရပ်လုံးကိုလည်းကောင်း အနီးဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံး လုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက်ရယူနိုင်ရေးအတွက် ဆောင်ရွက်ရ မည်ဟူ၍ လည်းကောင်း ဖော်ပြပါရှိပါသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် အတည်ပြု လက်မှတ်ရေးထိုး ခဲ့သော ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၃)ကို ပြည်ထောင်စုလွှတ် တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်းဖြစ်ပါကြောင်း။
သို့ပါ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်အတွက် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃) ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စု သဘာတူစာချုပ် အစိတ်အပိုင်း(၃) ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘော မတူသူမရှိသည့်အတွက် အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဘင်းမ်စတက်ပဋိညာဉ် စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ် တော် ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ် က ယခုစာ တမ်းတွင် အဖွဲ့၏ ဆုံးဖြတ်ချက်များကို အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီမှု ရရှိမှ သာ ချမှတ်နိုင်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများအပေါ်တွင် ဝင်ရောက် စွက်ဖက်မှုကို တားမြစ်ခြင်းစသည့် အရေးကြီးသည့် မူများကို ထည့်သွင်းထားပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ န်ိုင်ငံခြားရေးမူများနှင့် ကိုက်ညီသည့်အတွက် ထောက် ခံပါကြောင်း၊ လွှတ်တော်များ၏ သက်ဆိုင်ရာ ကော်မတီများတွင်လည်း ယခုပဋိညာဉ် စာတမ်းပါ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည့် ဥပဒေပြုမှုနှင့် အခြားပူးပေါင်း ဆောင်ရွက်မှု များကိုလည်း အစီအစဉ်များချမှတ်ပြီး ဆောင်ရွက်နိုင်ရန် အကြံပြုအပ် ပါကြောင်း ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုးက ဘင်းမ်စတက် ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးခြင်းအားဖြင့် အဖွဲ့ဝင်များအကြား ဆက်စပ်နေသည့် ပထဝီအနေအထား၊ ပေါများသည့် သယံဇာတနှင့် လူ့စွမ်းအား အရင်းအမြစ်များ၊ သမိုင်း ကြောင်းဆက်သွယ်မှုနှင့် ကြွယ်ဝသည့် ယဉ်ကျေးမှုအမွေ အနှစ်များသည် ဒေသတွင်း အဓိကကျသည့် ပူးပေါင်းဆောင်ရွက်မှုကြောင့် အလားအလာ ကောင်းများရှိ လာမည် ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာအကြမ်းဖက်မှုနှင့် နိုင်ငံဖြတ် ကျော်မှုခင်းများ တိုက်ဖျက်ရေး ဆိုင်ရာကဏ္ဍ၊ သဘာ၀ဘေးအန္တရာယ်နှင့် ရာသီဥတု ပြောင်းလဲမှု၊ ကူးစက် ရောဂါတိုက်ဖျက်ရေး တို့ကိုလည်း နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေး သည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်း က ဘင်းမ် စတက် အစီအစဉ်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ နည်းပညာ၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်၊ ပြည်သူ့ကျန်းမာရေး၊ လူအချင်းချင်း ဆက်ဆံရေး၊ ဆင်းရဲမှုပပျောက်ရေး၊ အကြမ်းဖက်မှုနှင့် နယ်စည်းဖြတ်ကျော် ရာဇဝတ် မှု၊ ရာသီဥတုပြောင်းလဲမှု ကိစ္စရပ်များ ပါဝင်ပါကြောင်း၊ ဘင်းမ်စတက် အစီအစဉ်အတွင်း ပူးပေါင်းဆောင်ရွက် မှုများသည် နိုင်ငံ အသီးသီး၏ အချုပ်အချာအာဏာ၊ နယ်နိမိတ်ပိုင်း ခြားမှု၊ ပြည်တွင်းရေးတွင် မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန်အကျိုးပြုမှု အခြေခံများအပေါ်တွင် ရေးဆွဲထားခြင်း ဖြစ်ပါ ကြောင်း၊ ယင်းအကြောင်းအချက်များအရ မြန်မာနိုင်ငံအနေဖြင့် ပါဝင် လက်မှတ် ရေးထိုးရေးကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်၊ ဧရာ ဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်း နှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ် တို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ယနေ့ အဆိုပြု တင်ပြသည့် ဘင်းမ်စတက် ပဋိညာဉ် စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက် မှတ်ရေးထိုးရေး ကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ သဘာတူ ညီမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် လက်မှတ် ရေးထိုးရန် အဆင့်သင့်ဖြစ်ကြောင်း ဘင်းမ်စတက် အတွင်း ရေးမှူး ချုပ်ရုံးသို့ အကြောင်းကြား စာပေးပို့သွားရမည်ဖြစ်ပါကြောင်း။
လက်ရှိအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် သီရိလင်္ကာနိုင်ငံမှ ခေါ်ယူကျင်းပမည့် ပဥ္စမအကြိမ်မြောက် ဘင်းမ် စတက် ထိပ်သီးအစည်းအဝေးတွင် အခြားအဖွဲ့ဝင်နိုင်ငံ များနည်းတူ ပါဝင်လက်မှတ် ရေးထိုးရမည်ဖြစ်ပါကြောင်း၊ လက်မှတ်ရေးထိုးပြီးသည့် အခါတွင် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ပဋိညာဉ်စာတမ်းကို အပြီးသတ် အတည် ပြုခြင်းပြုလုပ်ရန်အတွက် ပြည်တွင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီး ဘင်းမ်စတက်အတွင်းရေး မှူးချုပ်ရုံး သို့ အပြီးသတ်အတည်ပြုလွာ ပေးပို့သွားကြရမည်ဖြစ်ပါကြောင်း၊ ဘင်းမ်စတက်အတွင်းရေးမှူး ချုပ်ရုံးတွင် အဖွဲ့ဝင်နိုင်ငံအားလုံး၏ အပြီးသတ် အတည်ပြုလွှာ (၇) စောင်စုံညီစွာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ ပြည့်မြောက် သည့်နေ့တွင် ပဋိညာဉ်စာတမ်း သည် အသက်ဝင်လာ မည်ဖြစ်ပါကြောင်း။
ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုး အတည်ပြုခြင်း အားဖြင့် ဘင်းမ်စတက်၏ ရည်ရွယ်ချက်နှင့် မူဝါဒများ၊ လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ ဖွဲ့စည်းမှု ပုံစံများ၊ အဖွဲ့ဝင်နိုင်ငံများလိုက်နာရမည့် ကျင့်ဝတ်များနှင့် တာဝန်ဝတ္တရားများကို စည်းကမ်း၊ ဥပဒေနှင့်အညီ ပိုမိုစနစ်တကျ ခိုင်မာစွာကျင့် သုံးသွားနိုင်မည် ဖြစ်သောကြောင့် ဘင်းမ်စတက်၏ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် များအတွက်လည်း ပိုမိုအကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ယင်းအဖွဲ့အစည်းသည် ဥပဒေ ကြောင်းအရ ဥပဒေဂုဏ် ရှိသည့်အဖွဲ့အစည်းတစ်ရပ်အဖြစ်လည်း ပေါ်ထွန်းလာ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းအား မြန်မာနိုင်ငံက လက်မှတ်ရေးထိုး အတည်ပြုရေးအတွက် ပြည်ထောင်စု လွှတ်တော်မှ သဘောတူ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဘင်းမ်စတက်ပဋိညာဉ် စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြု ရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြု ကြောင်း ကြေညာသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ပြည်ထောင် စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က တစ်ပိုဒ် ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က လွှတ်တော်၏ သဘော ထား ရယူအတည်ပြုသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက် အတိုင်းလည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြု ချက်များအတိုင်း လည်းကောင်း ပြန်လည်ပြင်ဆင်၍ ပြည်ထောင်စုလွှတ် တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ကြေညာသည်။
ထို့နောက် ၂၀၂၀ - ၂၀၂၁ခု၊ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း၏ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၏ သဘောထားမေးမြန်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းနောက် ၂၀၂၀ - ၂၀၂၁ခု၊ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး က တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် အဆိုတင်သွင်း သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ် ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည် ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူ သည့်အတွက် အတည် ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော်က အတည်ပြု သည်ဟု မှတ်ယူ ရမည့် ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော် က မှတ်တမ်း တင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ကို ဩဂုတ် ၂၈ရက် တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်