Skip to main content

မြန်မာနိုင်ငံအနှံ့တင်ပို့ရောင်းချပြီး ဝင်ငွေကောင်းလျက်ရှိသည့် ပင်လောင်းမြို့နယ်မှ လိမ္မော်စိုက်တောင်သူများ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ လက်ဖက်၊ ပြောင်း၊ ချင်း၊ အာလူး၊ ခရမ်းချဉ်၊ လိမ္မော်၊ ပန်းမုန်လာနှင့် ဂေါ်ဖီထုပ်စသည်များ စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ယင်းစိုက်ပျိုးသီးနှံများအနက် လိမ္မော်စိုက်ပျိုးပြီး ဝင်ငွေကောင်းမွန်လျက်ရှိသည့် ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု ထာငိုကျေးရွာမှ တောင်သူတစ်ဦးအား လိမ္မော်သီးများ စိုက်ပျိုးတင်ပို့ရောင်းချနေမှုအခြေအနေကို တွေ့ဆုံမေးမြန်းရေးသားလိုက်ပါသည်။

မေး ။        ။ လိမ္မော်ပင်ကို စိုက်ပျိုးဖြစ်ခဲ့တဲ့ အကြောင်းလေး ရှင်းပြပေးပါဦး။

ဖြေ ။        ။ လိမ္မော်ကို ၂၀၁၃ ခုနှစ်ကနေ စတင်စိုက်ပျိုးခဲ့ပြီး ဘိုးဘေးတွေ စတင်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းဖြစ်တာကြောင့် အစဉ်အဆက် စိုက်ပျိုးလာခဲ့ရာမှ အခုဆိုရင်လိမ္မော်ခြံက နှစ်ပေါင်း ၁၀ နှစ်ကျော်ခဲ့ပါပြီ။

မေး ။        ။ လိမ္မော်ပင်တွေ မစိုက်ပျိုးခင်မှာ မြေတွေကို ဘယ်လိုပြုပြင်ရသေးလဲ ပြောပြပေးပါဦး။

ဖြေ ။        ။ မစိုက်ပျိုးခင် အရင်ဦးဆုံး ပေါင်းမြက်တွေကို မြက်ရိတ်စက်နဲ့ ရိတ်ခဲ့ရတယ်၊ မြက်ရိတ်ပြီးတော့ မြေတွေကိုမွသွားအောင် ထွန်စက်နဲ့ထွန်ပြီး ထွန်ပြီးသားမြေကို ညီညာနေအောင် အရင်ဦးဆုံးညှိရတယ်။ ပြီးမှစိုက်ရတာပေါ့။ အပင်မစိုက်မီ သုံးလခန့်ကြိုတင်ပြီး ကျင်းတွေကို တူးရပါတယ်။ နှစ်ပေပတ်လည် နှစ်ပေအနက်တူးပြီး နွားချေးနဲ့ မြေဆွေးတွေကို စိုက်ကျင်းအထက်လေးလက်မလောက် မောက်အောင်ဖို့ပြီး မြေနှပ်ထားရတယ်။ ပင်ကြားတန်းကြား အကွာအဝေးကလည်း တစ်ပင်နဲ့တစ်ပင်ထိမနေစေဖို့ လိုအပ်ပါတယ်။

မေး ။        ။ လိမ္မော်ပင်က ဘယ်လိုမြေအမျိုးအစားမှာ စိုက်ပျိုးဖြစ်ထွန်းပါသလဲ။

ဖြေ ။        ။ မြေသားထုနက်ပြီး သဲလိုမဖွာ၊ မစေးတဲ့မြေမျိုးမှာ ကောင်းစွာ ဖြစ်ထွန်းပါတယ်။ လိမ္မော်စိုက်ပျိုးဖို့ အကောင်းဆုံး မြေချဉ်ငန်ဓာတ်က pH (၆၇) ဖြစ်ရမယ်။ ရေဝပ်တဲ့ မြေနဲ့ စိမ့်ပေါက်တဲ့မြေတွေမှာ အပင်မဖြစ်ထွန်းနိုင်ပါဘူး။

မေး ။        ။ ကျင်းထဲထည့် စိုက်ပျိုးဖို့ ဘယ်အချိန်လောက်မှာ သင့်တော်ပါသလဲ။

ဖြေ ။        ။ ပျိုးပင်သက်တမ်း အနည်းဆုံးတစ်နှစ်ခွဲကနေ နှစ်နှစ်သားခန့်ရှိမှ ကျင်းထဲထည့်စိုက်ပျိုးသင့်ပါတယ်။ မိုးရွာသွန်းမှုပေါ်မူတည်ပြီး ဇွန်လ၊ ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ စိုက်ပျိုးသင့်ပါတယ်။

မေး ။        ။ အပင်တွေ ကောင်းကောင်းမွန်မွန် ရှင်သန်ကြီးထွားဖို့ ပေါင်းမြက်တွေကို ဘယ်လိုရှင်းပေးရပါသလဲ။

ဖြေ ။        ။ အပင်ကောင်းကောင်းမွန်မွန်နဲ့ ရှင်သန်နေဖို့ဆိုရင် အပင်ခြေမှာရှိတဲ့ ပေါင်းပင်တွေ၊ မြက်တွေကို အမြဲရှင်းထားရပါတယ်။ အပင်ငယ်ရင်တော့ အပင်ရဲ့ ဘေးပတ်ဝန်းကျင် နှစ်ပေပတ်လည်၊ အပင်ကြီးရင်တော့ လေးပေပတ်လည်အထိ ပေါင်းတွေကို ရှင်းရပါတယ်။ မိုးရာသီမှာ ပေါင်းပင်တွေ အလွယ်တကူပေါက်နိုင်လို့ မိုးတွင်းဆိုရင် မြေကို နှစ်ကြိမ်၊ နွေရာသီဆိုရင် မြက်ပင်က မပေါက်နိုင်တော့ မြေကိုတစ်ကြိမ်ဆွပေးရပါတယ်။

မေး ။        ။ အပင်အတွက် လိုအပ်တဲ့ အာဟာရတွေအတွက် မြေဩဇာထည့်ပေးရသေးလား။ ထည့်ရရင် ဘယ်လိုမြေဩဇာသုံးပါသလဲ။

ဖြေ ။        ။ အပင်အတွက် လိုအပ်တဲ့အာဟာရတွေ အများအားဖြင့် သဘာဝမြေဩဇာတွေဖြစ်တဲ့ နွားချေးကို ထည့်ကြရပါတယ်။ တချို့က (N:P:K) အချိုးပါတဲ့ မြေဩဇာကို မိုးဝင်ခါစ မေလနဲ့ ဇူလိုင်လမှာ ကျွေးကြရပါတယ်။

မေး ။        ။ အပင်တွေ ပိုးမွှားရောဂါဒဏ်ကနေ ဘယ်လိုကာကွယ်နှိမ်နင်းရမလဲ။

ဖြေ ။        ။ အများအားဖြင့်တော့ လိမ္မော်ပင်ကိုရွက်ထွင်းပိုး၊ ပျ၊ ပိုးစေးနှဲ၊ လှေပိုးတွေက အများဆုံးကျရောက်တတ်တာကြောင့် ပင်လုံးပြန့် ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဖျန်းပေးရပါတယ်။ သီးလုံးပုပ်ရောဂါ၊ ရွက်ပြောက်မှိုရောဂါတွေ မကျဖို့အတွက် ဩဘာကထုတ်တဲ့ ဖန်ဂိုရမ်၊ ဂျက်ကက်၊ မန်ကိုမက်တွေကို စနစ်တကျဖော်စပ်ပြီးမှ နည်းစနစ်မှန်မှန် မကြာခဏ ဖျန်းပေးရပါတယ်။

မေး ။        ။ လိမ္မော်ကို ဘယ်အချိန်လောက်မှာ အများဆုံး ခူးဆွတ်ကြရပါသလဲ။ ဘယ်ကိုတင်ပို့ရောင်းချကြပါသလဲ။ ပြည်တွင်းအပြင် ပြည်ပကိုပို့ဖို့ အစီအစဉ်ရှိပါသလား။

ဖြေ ။        ။ ကျွန်တော်တို့ဒေသက လိမ္မော်သီးကိုတော့ အောက်တိုဘာလကနေစပြီး ခူးဆွတ်ရောင်းချရပါတယ်။ ဒီဇင်ဘာလလောက်ဆို အသီးတွေသိပ်မရှိတော့ဘူး။ တင်ပို့ရောင်းချမှုနဲ့ပတ်သက်ပြီး ပင်လောင်းမြို့နယ်ထဲမှာရှိတဲ့ ငါးရက်တစ်ဈေး၊ လွိုင်ကော်၊ အောင်ပန်းကုန်စည်ဒိုင် အဲဒီကနေတစ်ဆင့် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် မြန်မာနိုင်ငံအနှံ့အပြားတော့ တင်ပို့ရောင်းချရတယ်။ ကျွန်တော်တို့လို တောင်သူတွေအနေနဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ ချိတ်ပြီးမှ ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချနိုင်ဖို့အတွက် ကြိုးစားကြရဦးမယ်။

မေး ။        ။ အသီးအရွယ်အစားအလိုက် ဈေးနှုန်းတွေ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အသီးအရွယ်အစားကို ဘယ်လိုသတ်မှတ်ပြီး ဈေးနှုန်းတွေအနေနဲ့ရော ဘယ်လိုရောင်းချရပါသလဲ သိပါရစေ။

ဖြေ ။        ။ အသီးတွေကို အရွယ်အစားအနေနဲ့ တစ်၊ နှစ်၊ သုံး၊ လေးဆိုပြီး ဆိုဒ်လေးမျိုး ရှိတယ်။ နံပါတ်တစ်ဆိုဒ်ကိုတော့ တစ်ပိဿာကို ကျပ် ၄၅၀၀-၅၀၀၀ ရောင်းရတယ်၊ နံပါတ်နှစ်ဆိုဒ်ကတော့ ကျပ် ၃၀၀၀-၄၀၀၀၊ နံပါတ်သုံးဆိုဒ်က ကျပ် ၂၀၀၀-၂၇၀၀၊ နံပါတ်လေးဆိုဒ်ကတော့ ကျပ် ၁၀၀၀-၁၅၀၀ အထိ အသီးအရွယ်အစားအပေါ် မူတည်ပြီး အမျိုးမျိုးရောင်းရပါတယ်။

မေး ။        ။ အစ်ကိုတို့အနေနဲ့ လိမ္မော်ကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးတာလား၊ စီးပွားဖြစ်စိုက်တာလား သိရပါစေ။

ဖြေ။        ။ လိမ္မော်ခြံက အပင်ပေါင်း ၁၂၀၀ ကျော်ရှိတယ်ဆိုတော့ စီးပွားဖြစ်စိုက်ပျိုးထားတာပါ။ တစ်နှစ်ပတ်လုံးရောင်းချပြီး စာရင်းအကုန်ချုပ်ရင်တော့ ကျပ်သိန်း ၂၀၀ ဝန်းကျင်တော့ ကျန်ပါတယ်။ လိမ္မော်စိုက်ပျိုးပြီး အဲဒီလောက်ကျန်တော့ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေပါတယ်။

မေး ။        ။ တခြား လိမ္မော်မစိုက်ဘဲ ဝင်ငွေနည်းတဲ့ တောင်သူတွေကို လိမ္မော်စိုက်ပျိုးဖို့ ဘယ်လိုအကြံပြုချင်ပါသလဲ။

ဖြေ ။        ။ လိမ္မော်ပင်က နှစ်ရှည်ပင်ဖြစ်တဲ့အတွက် နှစ်ကာလကြာမှ တစ်ကြိမ်သာ စိုက်ပျိုးရတဲ့အတွက် မစိုက်ပျိုးရသေးတဲ့ တောင်သူတွေကို စိုက်ပျိုးစေချင်ပါတယ်။ စစိုက်ပျိုးပြီး ငါးနှစ်လောက်နေရင် အသီးသီးပြီး နှစ်စဉ်မိသားစု ဝင်ငွေရနေတာကြောင့် စိုက်ပျိုးကြဖို့နဲ့ စိုက်ပျိုးပြီးရင်လည်း လိမ္မော်ခြံကို ပစ်မထားဘဲ သေချာဂရုစိုက် ထိန်းသိမ်းကာကွယ်ဖို့လိုပါတယ်။ ဒါမှလည်း ဝင်ငွေနည်းတဲ့တောင်သူတွေအနေနဲ့ မိသားစုဝင်ငွေတွေကောင်းမွန်လာမှာ ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ တောင်သူများ မိသားစုဝင်ငွေရရှိပြီး လူနေမှုဘဝမြင့်မားစေရန်အတွက် နှစ်စဉ်ပုံမှန်ဝင်ငွေရရှိနေကြသည့် ပင်လောင်းမြို့နယ်က စိမ်းစိုလှပပြီး သာယာလှပသည့် ထာငိုရွာမှ လိမ္မော်သီး စိုက်ပျိုးရောင်းချနေမှုများကို ရေးသားတင်ပြလိုက်ရပါသည်။ ။

တွေ့ဆုံမေးမြန်း - ခွန်ရဲ