Skip to main content

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ငပုတောမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၉

ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၆၃ ဦး၊ ခွဲစိတ်ရောဂါ ၂၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၁၉ ဦး၊ အရိုးရောဂါ ၂၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၁ ဦး၊ မျက်စိရောဂါ ၄၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၄ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၃ ဦး စုစုပေါင်း ၂၃၉ ဦး တို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူ ၁ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ မျက်စိခွဲစိတ်လူနာများအား ဆေးမျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့ပြင် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)၌ ၂၀၁၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် မွေးဖွားပေးခဲ့သည့် သမီးငယ် မေသံလွင်ကို တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။

အလားတူ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူး ကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပြည်တော်အေးဆိပ်ကမ်းသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် မြန်အောင်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၂၃၁ ဦး၊ ခွဲစိတ်ရောဂါ ၉၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၆ ဦး၊ အရိုးရောဂါ ၁၉၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၈ ဦး၊ မျက်စိရောဂါ ၂၂၈ ဦးနှင့် သွားရောဂါ ၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၂၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၄ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၈ ဦး စုစုပေါင်း ၈၃၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက် ကုသရန်လိုအပ်သူ ၁ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

၄င်းအပြင် မြန်အောင်မြို့နယ်၊ မြို့မရေလယ်ကျွန်းနေ ဦးနေလင်းအောင်၏ ဇနီးဖြစ်သူ ဒေါ်ယမင်းသူအား သားဖွားမီးယပ် ပါရဂူ ဗိုလ်ကြီးအောင်အောင်က သားဦးရတနာကို ယနေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ခွဲစိတ်၍မွေးဖွားပေးခဲ့ရာ ကလေးငယ်မှာ ကိုယ်အလေးချိန် ၇ ပေါင် ၇ အောင်စရှိ သားငယ်လေးအား မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည် အဆိုပါကလေးငယ်အား ကာကွယ်ရေးဉီးစီးချုပ်(ရေ)မှ မောင်ဘုန်းလင်းရွှေ ဟု အမည်ပေးပြီး ထောက်ပံ့ငွေနှင့် အဟာရပြည့်စားသောက်ဖွယ်ရာများအား တာဝန်ရှိသူများက ကိုယ်စားပေးအပ်သည်။ အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဆုံးအကြိမ် မွေးဖွားသောကလေးငယ်ဖြစ်ပြီး တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)၏ ဆေးကုသမှု သမိုင်းမှတ်တမ်းတွင် (၂၇) ယောက် မြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလို ကြားသိခဲ့ရသည် -

ဒေါ်ညွန့်ကြည် (ကညင်ချောင်းကျေးရွာ၊ ဟိုင်းကြီးကျွန်း)

မျက်စိကတော့ ကွယ်တာတစ်နှစ်ကျော်သွားပါပြီ။ နယ်လှည့်ဆေးကုသမူသင်္ဘောလာတယ်ဆိုတော့ အရမ်းပျော်ပြီးတော့ အခုလိုလာရောက်ကုသတာပါ၊ မျက်စိကမကုနိုင်တော့ဘူးလို့ ညတိုင်းငိုမိပါတယ်၊ မနက်တိုင်းသမီးဖြစ်သူ ဈေးရောင်းဖို့သွားရင်လည်း ထမင်းအိုးကို မမြင်မကန်းနဲ့တည်ရပါတယ်၊ ငါ့ကိုကုသပေးမဲ့သူမရှိပါလားလို့ တွေးမိပါတယ်၊ အခုလိုကြားတော့ ဘယ်လိုဝမ်းသာမိမှန်း မသိပါဘူး၊အခုလို့ကုသပေးတဲ့အတွက် အရမ်းပျော်မိပါတယ်၊ မျက်စိက ညာဘက်ကအရမ်းဆိုးပြီး ဘယ်ဘက်ကမှုန်ပြီးတော့ အခုတော့ကောင်းသွားပါပြီ၊ အကုန်မြင်ရပါပြီ၊ အခု မျက်စိကောင်းသွားတော့ ဈေးရောင်းဈေးဝယ် အရမ်းလုပ်ချင်တာပါ၊ အခုလုပ်လို့ရပါပြီ၊ အခုလို မျက်စိလည်းကုပေးတယ်၊ စားရေးသောက်ရေးကအစ အကုန်စီစဉ်ဆောင်ရွက်ပေးပါတယ်၊ လမ်းစရိတ်လည်းမကုန်ပါဘူး၊ ကားနဲ့လိုက်ပို့ပေးပါတယ်၊ အခုလည်း ကားနဲ့ပြန်ပို့ပေးမယ်လို့ ပြောပါတယ်၊ အခုလိုစေလွှတ်ပေးတဲ့ နိုင်ငံတော် အကြီးအကဲကိုအများကြီးကျေးဇူးတင်ပါတယ်။

မချိုမာဝင်း( ရေကန်ကျေးရွာ၊ မြန်အောင်မြို့)

ကျွန်မက ခုဆိုနှစ်နှစ်လောက်ရှိပြီပေါ့နော်။ မနက်မိုးလင်းကတည်းက အမှုန်ဝင်တာပေါ့။ လယ်လုပ်တာဆိုတော့ စပါးအမှုန်တွေ ဘာတွေဝင်တာပေါ့။ တစ်နေ့ လုံးနှာချေတယ် ညအိပ်လိုက်တယ် မနက်ကျကောင်းသွားတယ်ဆိုတော့ နည်းနည်းပေါ့နေတာပေါ့။ ဆရာဝန်တွေဘာတွေပြကြည့်လိုက်တော့ ထိပ်ကပ်နာဖြစ်ချင်တဲ့ ရောဂါဆိုတော့ ဆေးလေးဘာလေးသောက်လိုက် ပျောက်လိုက်နဲ့ နှစ်နှစ်ကျော်ပြီဆိုတော့ ခုကျတော့ မြို့က ပါရဂူတွေလာမယ် ပြကြည့်ပါလားဆိုတော့ ကြားလို့လာခဲ့တာပါ။ ထိပ်ကပ်နာဖြစ်ချင်တဲ့ ရောဂါပေါ့နော် ရေချိုးလဲ စောစောချိုး သူတို့ဆေးလေးတွေလည်း ပေးလိုက်တယ်ပေါ့နော်။ သောက်နေတော့ ပျောက်နေတာပဲ ပျောက်နေတော့ ပေါ့နေလိုက်တာပေါ့။ လေးရက်ငါးရက်ခြားမှ ဖြစ်တယ်။ တစ်ခါ တစ်လေကျ ဆယ်ရက်ခြားမှ ဖြစ်တယ်ဆိုတော့။ အဲ့လိုနဲ့ပဲ နေလိုက်တာ။ ခုက ပါရဂူတွေလာမယ်ဆိုတော့ ဒီကဆရာဝန်တွေနဲ့ အဆင်ပြေမယ်ထင်လို့လာလိုက်တာ။ ဒီက ဆရာဝန်တွေက အကုန်စေတနာကောင်းပါတယ်။ ရောက်တာနဲ့ အကုန်ကြိုဆိုတာတွေရော အဆင်ပြေပါတယ်။ တချို့ကြတော့ ငွေကြေးမတတ်နိုင်ကြဘူးလေး ပြဖို့သဖို့ကြတော့ ဘယ်လိုလုပ်အဆင်ပြေမှာလဲ ပိုက်ဆံမတတ်နိုင်တော့ တော်ရုံတောသူတောင်သားတွေ မလုပ်နိုင်ကြဘူး။ အခုဟာကတော့ တောသူတောင်သားတွေရော မရှိတဲ့သူရော ရှိတဲ့သူရော အကုန်လုံးအတွက် အဆင်ပြေပါတယ်။ အခုလို လာလုပ်ပေးတာလေ။ ကိုယ်တွေကအစ အမှန်ပြောရရင်း သွားမယ်လာမယ်ဆို မသွားနိုင်ဘူးပေါ့။ သွားဖို့အရေးကို ခက်ခဲနေတာ အခုဟာကတော့ ဒီမှာလာတာ အဆင်ပြေပါတယ်။ လာရောက်ကုသပေးတဲ့ ဆရာဝန်တွေအားလုံးကို ကျေးဇူးတင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တွေလိုပဲ တခြားသူတွေလဲ အဆင်မပြေတဲ့သူတွေ ရှိကြမှာပဲလေ။ အခုလိုစီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေအားလုံးကို ကျွန်မအနေနဲ့ တကယ့်ကိုကျေးဇူးတင်ပါတယ်။ အားလုံးအတွက် အဆင်ပြေအောင် လုပ်ပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်။