Skip to main content

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၃) ကြိမ်မြောက် ထုတိအနုမောဒနာဂုဏ်ပြုလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၇

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါ တရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ် တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၃) ကြိမ်မြောက် ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ဦးစွာ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးညွန့်သင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် မြသိန်းတန်ပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇာဂရထံမှ အခမ်းအနားသို့ တက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကြသည်။

ယနေ့ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ၂၆ ဦးက ရွှေပြား ၃၄ ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် ၈၉ ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်း ၁၇၃၇၃၇၃၄၇၂ ကျပ်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်