နေပြည်တော် နိုဝင်ဘာ ၇
စားသုံးသူရေးရာဦးစီးဌာန၏ အင်္ဂါနေ့ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်ဇင်ဝင်းက မြန်မာ့ကော်ဖီထုတ်လုပ်မှုနှင့် ကုန်သွယ်မှုအခြေအနေခေါင်းစဉ်ဖြင့် မြန်မာ့ကော်ဖီကဏ္ဍ၏ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းများ၊ စိန်ခေါ်မှုများနှင့် ကော်ဖီပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်း၍ အကြံပြုတင်ပြချက်များဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးထိုက်က ကမ္ဘာ့ကော်ဖီဈေးကွက်နှင့် အာဆီယံ ဒေသကော်ဖီဈေးကွက်အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် ပို့ကုန်လိုင်စင်များအား လျင်မြန်စွာထုတ်ပေးသွားရန်နှင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားမှုများအတွက်လည်း ဝန်ကြီးဌာနမှ ချမှတ်ထားသော ဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သွက်လက်မြန်ဆန်စွာ ဆောင်ရွက်သွားကြရန် မှာကြားသည်။
အဆိုပါ အင်္ဂါနေ့ဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စားသုံးသူရေးရာဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် Consumer Call Center ၌ စားသုံးသူတိုင်ကြားမှုများအား တယ်လီဖုန်းအမှတ် 1535 ဖြင့် လက်ခံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်