Skip to main content

ညီညွတ်မှုစွမ်းအားဖြင့်တိုးတက်မှုဖော်ဆောင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ပထမအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဟု ချမှတ်ထားသည့်အတိုင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပုံမှန်အခြေအနေရောက်ရှိရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တိုင်းရင်းသားပြည်သူများ၏ဆန္ဒဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မှန်ကန်တည့်မတ်ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ရေးသည် အရေးကြီးသည်။ ထို့ကြောင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ ပေါ်ထွက်လာမည့်အစိုးရကို နိုင်ငံတော်တာဝန် ပြန်လည်လွှဲပြောင်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ ကြိုးစားဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ ပေါ်ထွက်လာမည့်အစိုးရကို တာဝန်လွှဲပြောင်းပေးနိုင်ရေး ရည်မှန်းအကောင်အထည်ဖော်နေခြင်းသည် နိုင်ငံတော်အစိုးရ၏ ပကတိစေတနာအမှန်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများအားလုံး၏ဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်သည်။ သို့သော် ဒီမိုကရေစီဟုကြွေးကြော်ပြီး ဒီမိုကရေစီလမ်းကြောင်းပျက်ပြားအောင်၊  အကောင်အထည်မဖော်နိုင်အောင် ပြည်တွင်း၊ ပြည်ပမှ နှောင့်ယှက်မှုများ၊ ဟန့်တားပိတ်ဆို့မှုများသည် ဒီမိုကရေစီအရေခြုံထားသည့် အာဏာရှင်များသာဖြစ်သည်။ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ ထိခိုက်ပျက်စီးစေရန် ဖန်တီးနေကြခြင်းဖြစ်သည်။

ပြည်ပနိုင်ငံကြီးအချို့၏ ဘက်ပေါင်းစုံမှ ဖိအားပေးအကျပ်ကိုင်မှုများကြောင့်လည်းကောင်း၊ ပြည်တွင်းမှ လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့်လည်းကောင်း ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးလုပ်ငန်းများကို ထိခိုက်စေခဲ့ပြီး နိုင်ငံ့စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ဝိုင်းဝန်းပိတ်ဆို့မှု၊ ဖျက်လိုဖျက်ဆီးလုပ်မှုများကြားမှ နိုင်ငံ့စီးပွားရေး ဦးမော့နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ ၂၀၁၉-၂၀၂၀ တွင် နိုင်ငံ့ဂျီဒီပီတိုးတက်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ၂၀၂၁-၂၀၂၂ တွင် အပေါင်း ၃ ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ လမ်း၊ တံတား၊ တာဝါတိုင်များစသည့် အခြေခံအဆောက်အအုံများ ဖျက်ဆီးခံရမှုကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲရမည့် ဘဏ္ဍာငွေကို ပြန်လည်တည်ဆောက်ရေးတွင် သုံးစွဲရသဖြင့် စီးပွားရေးတိုးတက်မှု မျှော်မှန်းသည့်အတိုင်းဖြစ်လာရန် လိုအပ်ချက်များရှိခဲ့သည်။

အကယ်၍ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်ကင်းစွာဖြင့် ဖြောင့်ဖြောင့်တန်းတန်းဆောင်ရွက်နိုင်ပါလျှင် ယနေ့ဆိုလျှင် ရည်မှန်းထားသည့်ပန်းတိုင်သို့  ဆောလျင်စွာရောက်ရှိနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ရည်မှန်းချက် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်ပန်းတိုင်သို့ ရောက်ရှိနိုင်ရန်အတွက် အခက်အခဲအမျိုးမျိုးကြားမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အဓိကကျသည့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တစ်နိုင်ငံလုံးတစ်ပြေးညီ အကြားအလပ်မရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော် အကြမ်းဖက်တိုက်ခိုက်မှုများ ရှိနေသေးသည့် နယ်မြေဒေသများတွင် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်၍မရသဖြင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းအကျိုးဆက်ကို နယ်မြေခံလူထုနှင့် တိုင်းရင်းသားပြည်သူများ ကြုံတွေ့ခံစားနေကြရသည်။ နိုင်ငံတော်၏ ရည်မှန်းချက်၊ တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက် မှေးမှိန်ခဲ့ရသည်။

ယနေ့အချိန်ကာလသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အရေးကြီးသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အချိန်အခါဖြစ်သည်။ ထိုအချိန်အခါတွင် အသိဉာဏ်ဆင်ခြင်တုံတရားကင်းမဲ့သော အဖျက်သမားများ၊ နိုင်ငံသစ္စာဖောက်များ၏ မိုက်မဲစွာနှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဒုက္ခဆင်းရဲများစွာကို ခံစားနေကြရသည်။

သို့ဖြစ်ရာ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်နှင့်အညီ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ အားကြိုးမာန်တက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို စွမ်းအားတစ်ရပ်အဖြစ် ဖြစ်တည်လျက်ရှိနေသည်ဖြစ်ရာ နယ်မြေဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရနှင့်အတူ တက်ညီလက်ညီ ပါဝင်ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။  ။