နေပြည်တော် နိုဝင်ဘာ ၇
(၃၅) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်ရှိ KMA Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးသမိုင်းတစ်လျှောက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်း၊ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရား ပြောင်းလဲမှုဖြစ်စဉ်များနဲ့အတူ အသွင်အမျိုးမျိုးနဲ့ ပြုပြင်ပြောင်းလဲဖွဲ့စည်းရပ်တည်ခဲ့ရာက ယနေ့ခေတ်ကာလတိုင်အောင် အစိုးရရဲ့ အုပ်ချုပ်ရေးကို အထောက်အကူပြုတဲ့ ဌာနကြီးတစ်ခုအနေနဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့တာဟာ ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ ဌာနရဲ့ ရည်မှန်းချက်များဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ ဌာနရဲ့ မူဝါဒများဖြစ်တဲ့ နိုင်ငံတော်မူဝါဒ လိုက်နာရေး၊ အခြေခံသဘောတရားနှင့်ကိုက်ညီရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေးတို့နှင့်အညီ ပေးအပ်တဲ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိတာကိုလည်း တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်ကချမှတ်ထားတဲ့ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်၊ နိုင်ငံရေးရည်မှန်းချက် (၂) ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ ဦးတည်ချက် (၉) ရပ်တို့ကို “မူဝါဒ” အဖြစ်ခံယူပြီး ကျရာအခန်းကဏ္ဍကနေ စိတ်ရင်းစေတနာအမှန်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့အကျိုးကို အစဉ်သယ်ပိုးနိုင်ပြီး အရည်အသွေးပြည့်ဝတဲ့ အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း အမှာစကားပြောကြားပါသည်။
ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ဌာနတူညီဝတ်စုံများ၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းတို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် စံပြဆု၊ ပထမဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြောင်း သတင်းရရှိပါသည်။
