Skip to main content

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား“မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

နေပြည်တော် နိုဝင်ဘာ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံ အစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၃ စောင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး ဒုတိယ အကြီးအကဲ Mr. Ashish Sharma နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် “မြန်မာနိုင်ငံ အလယ်ပိုင်း၊ အပူပိုင်းဇုန်ဒေသရှိ မိုးခေါင်ရေရှား ကျေးရွာများတွင် ဆိုလာစွမ်းအင်ဖြင့် ရေပေးဝေရေးစီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာ”နှင့် “ဌာနဆိုင်ရာ အီလက်ထရောနစ် စာကြည့်တိုက် စီမံချက်ဆိုင်ရာ နားလည်မှု စာချွန်လွှာ”တို့ကိုအပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသမ္မတ နိုင်ငံသံရုံး ဒုတိယ အကြီးအကဲ Mr. Ashish Sharma တို့က လက်မှတ်ရေးထိုးကြပြီး “ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၌ အသေးစားလေစွမ်းအင်ဖြင့် ကျေးလက်ဒေသများ လျှပ်စစ်မီးပေးရေး စီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ Mr. Ashish Sharma တို့က လက်မှတ်ရေး ထိုးကြသည်။

စုစုပေါင်း စီမံချက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ရှိသည့် အဆိုပါ နားလည်မှု စာချွန်လွှာ ၃ စောင် လက်မှတ်ရေးထိုးခြင်းဖြင့် အပူပိုင်းဇုန် မိုးခေါင်ရေရှားသည့်ဒေသများတွင် ဆိုလာစွမ်းအင်ဖြင့် သန့်ရှင်းသောရေ လုံလောက်စွာပေးဝေနိုင်ခြင်း၊ အီလက်ထရောနစ် စာကြည့်တိုက် တည်ထောင်နိုင်ခြင်းနှင့် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို လေစွမ်းအင်ဖြင့် လျှပ်စစ် မီးပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးအတွက် အထောက်အကူပြုနိုင်မည် ဖြစ်သည်။

Quick Impact Project (QIP) သည် စီမံချက်တန်ဖိုးအားဖြင့် စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုး ခွင့်ပြုပေးပြီး အလားတူစီမံချက် များအား မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)