နေပြည်တော် နိုဝင်ဘာ ၅
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်သမဝါယမအသင်းစု (လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ပွဲကို ဇမ္ဗူသီရိမြို့နယ် သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေး ပထမပိုင်းတွင် နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက ယခုလို အရပ်ရပ်ဆိုင်ရာအစည်းအဝေးများပြုလုပ်ရခြင်းသည် အသင်း၏ စီးပွားရေးလုပ်ငန်းမှ ဝင်ငွေများအပေါ်စီမံခန့်ခွဲခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို ချမှတ်ခြင်း၊ အမှုဆောင်အဖွဲ့သစ် ပြန်လည်ရွေးချယ်တင်မြှောက်ခြင်းတို့ကို ပြုလုပ်ရကြောင်း ရှင်းလင်းမှာကြားခဲ့သည်။
ဆက်လက်ပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ အသင်း၏ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ် အစီရင်ခံစာများ၊ အသင်း၏ ဘဏ္ဍာရေးအစီရင်ခံစာများကို အမှုဆောင်အဖွဲ့ဝင်က ဖတ်ကြားတင်ပြခဲ့ရာ တက်ရောက်လာသော အသင်းဝင် ကိုယ်စားလှယ်များက ကန့်ကွက်ရန် မရှိပါသဖြင့် သဘာပတိက အတည်ပြုခဲ့ပြီးနောက် ငါးနှစ်သက်တမ်းပြည့်ပြီးဖြစ်သည့် အမှုဆောင်အဖွဲ့က နုတ်ထွက်ခဲ့ကြသည်။
ထို့နောက် အစည်းအဝေး ဒုတိယပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် သမဝါယမအသင်းစု (လီမိတက်)၏ အမှုဆောင်အဖွဲ့သစ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့ရာ တိုင်းအဆင့် ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ခြင်းနှင့်စပ်လျဉ်း၍ အဆိုပြုထောက်ခံခြင်း၊ လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ခြင်းစသည်တို့ကို ရှင်းလင်းပြောကြားကာ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တက်ရောက်လာသော သမဝါယမအသင်းဝင် ကိုယ်စားလှယ်များ ၂၅ ဦးအနက်မှ အမှုဆောင်ဒါရိုက်တာအဖွဲ့ ငါးဦးနှင့် အသင်းစာရင်းစစ် နှစ်ဦးတို့ကို ရွေးချယ်တင်မြှောက်ပေးခဲ့ပြီး ရွေးချယ်ခံရသည့် အမှုဆောင်အဖွဲ့သစ် ခုနစ်ဦးတို့က အချင်းချင်း တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
