Skip to main content

ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေသည့် Kyaw-3 ကော်ပစ္စည်း အမျိုးမျိုး ထုတ်ကုန်လုပ်ငန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက်အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနေသည့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချပြီး စွန့်ပစ်ပစ္စည်းများမှ အရည်အသွေးရှိသည့် ကော်ပစ္စည်းထုတ်ကုန်အမျိုးမျိုးထုတ်လုပ်နေသည့် Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးကျော်ဌေးဦးနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။

မေး။           ။ Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်း စတင်တည်ထောင်ဖြစ်ပုံကို သိပါရစေ။

ဖြေ။        ။ဒီလုပ်ငန်းကို စပြီးတည်ထောင်ဖြစ်တာကတော့ ရည်မှန်းချက်နဲ့ပါ၊ သူများနိုင်ငံမှာ အလုပ်လုပ်ပြီးတော့ ကိုယ့်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းဖြစ်ထွန်းအောင် ကြိုးစားခဲ့ပြီး ကိုယ့်ရဲ့ နိုင်ငံသားတွေ အလုပ်ရစေချင်တဲ့ ဆန္ဒရယ်၊ ကိုယ်ကိုတိုင်ကသူများနိုင်ငံမှာ အလုပ်သမား မဖြစ်ချင်တဲ့စိတ်ဓာတ်နဲ့ ဒီလုပ်ငန်းကို တည်ထောင်တာဖြစ်ပါတယ်။

မေး။          ။ Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် ကုန်ကြမ်းတွေကို ဘယ်လိုရရှိပါသလဲ။

ဖြေ။          ။ Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေနဲ့ ကုန်ကြမ်းတွေကို အစကတော့ ထိုင်းနိုင်ငံ SCG ကုမ္ပဏီကနေ တင်သွင်းပါတယ်၊ အဲဒါကို ကုန်ကြမ်းအနေနဲ့ယူပြီးတော့ ကုန်ချောအဖြစ် ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာ အသုံးပြုသူတွေကိုဈေးနှုန်းချိုသာစွာနဲ့ ဝယ်သုံးနိုင်ဖို့နဲ့ တစ်ဖက်နိုင်ငံမှ ဈေးကြီးကြီးပေးပြီး ဝယ်မသုံးရတော့တဲ့အတွက် ပြည်သူတွေအတွက်ရော နိုင်ငံသားတွေအတွက်ပါ ရည်မှန်းပြီးတော့ Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးကို လုပ်ကိုင်တာဖြစ်ပါတယ်။

မေး။           ။ Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် စက်ရုံမှဘာတွေကို အဓိက ထုတ်ပါသလဲ။

ဖြေ။       ။ Kyaw-3 ကော်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရေးလုပ်ငန်းအနေနဲ့ ဘာတွေအဓိက ထုတ်လဲဆိုတော ရေလှောင်တဲ့ ရေစည်တွေကို ဆိုက်အမျိုးမျိုး၊ ရေကြီးတဲ့အခါ အသုံးပြုတဲ့ ကယ်ဆယ်ရေးလှေတွေကို ထုတ်လုပ်ပါတယ်၊ ရေဇလားတွေ၊ ရေစည်တွေနဲ့ ပတ်သက်တဲ့ဟာတွေ အကုန်ထုတ်လုပ်ပါတယ်။

မေး။     ။Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် တစ်နှစ်ကို ကော်တန်ဘယ်လောက် အသုံးပြုပါသလဲ၊ တစ်နေ့ ကုန်ချောဘယ်လောက်ထုတ်ပါသလဲ။

ဖြေ။        ။Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေနဲ့ တစ်နှစ်အသုံးပြုတဲ့ ကော်တန်ကတော့ တန် ၂၀၀ လောက် သုံးပါတယ်။ ဒီနှစ်မှာတော့ ပြည်ပမှ ကုန်ကြမ်းတင်သွင်း နှုန်းကို လျှော့ချပြီး ပြည်တွင်းမှာရှိနေတဲ့ Recycle ကို အသစ်အဖြစ် အသုံးပြုနိုင်ရေး ကြိုးစားပြီး နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ခဲ့ပါတယ်။၊ ၂၀၁၃ ခုနှစ် ဩဂုတ်လကနေစပြီး Recycle စမ်းသပ် ထုတ်လုပ်မှုကို စတင်ခဲ့ပါတယ်။ အဲဒီလိုမျိုး စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် နိုင်ငံခြားငွေသုံးစွဲနှုန်းကို လျှော့ချပြီး ကျွန်တော်တို့နိုင်ငံမှာ ရှိနေတဲ့ Recycle စွန့်ပစ်ပစ္စည်းတွေကို အသုံးဝင်အောင်၊ တန်ဖိုးရှိလာအောင် ထုတ်လုပ်ပြီး စတင်အသုံးပြုနေပါပြီ။ တစ်နေ့ကို ကုန်ချော အနေနဲ့ ရေတိုင်ကီအလုံး ၃၀၊ ၄၀ ထုတ်လုပ်နိုင်ပါတယ်၊ သုံးစွဲသူ အော်ဒါမှာသလောက် ထုတ်လုပ်ပါတယ်။ တစ်နေ့ကို ရေတိုင်ကီ အလုံး ၅၀ လောက်အထိ အစွမ်းကုန် ထုတ်နိုင်ပါတယ်။

မေး။             ။Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် အလုပ်သမား ဘယ်လောက်ရှိပါသလဲ။

ဖြေ။             ။Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေနဲ့ Recycle လုပ်ငန်းမစတင်မီအချိန်က အလုပ်သမား ၃၀ ရှိပါတယ်၊ Recycle လုပ်ငန်း စတင်လုပ်ကိုင်တဲ့အခါ အလုပ်သမား ၁၅ ဦး ထပ်တိုးလာပါတယ်။ စုစုပေါင်း ၄၅ ဦး ရှိပါတယ်။

မေး။      ။Kyaw-3 ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေးလုပ်ငန်း အနေဖြင့် အလုပ်သမား လုပ်ခလစာ ဘယ်လိုသတ်မှတ်ပါသလဲ၊ အလုပ်သမားတွေက ကရင်ပြည်နယ်ကပဲလား၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှ လာရောက်လုပ်ကိုင်တာ ရှိပါသလား။

ဖြေ။      ။Kyaw-3ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေနဲ့ ကရင်ပြည်နယ်မှ  မဟုတ်ပါဘူး၊ အလုပ်လုပ်တဲ့ လူငယ်တွေကို ရွေးချယ်ပါတယ်၊ ကြိုးစားတဲ့လူငယ်တွေကို ခေါ်ယူပါတယ်၊ ကရင်ပြည်နယ်မှ မဟုတ်ပါဘူး၊ အလုပ်လုပ်ချင်တဲ့ ဘယ်ဒေသကမဆို လူငယ်တွေကို အလုပ်ခန့်ထားပါတယ်။ အလုပ်သမားလစာကတော့ အလုပ်ဝင်ဝင်ချင်း နှစ်သိန်းတစ်သောင်း ပေးပါတယ်၊စားစရိတ်က တစ်နေ့ ၂၀၀၀၊ အလုပ်သမားဖူလုံရေးကတ်တွေကိုတော့ အလုပ်ရှင်ဘက်က အားလုံးကျခံပါတယ်၊ အလုပ်သမားတွေနဲ့ ပတ်သက်လာပြီးတော့ ကုန်ကျစရိတ်တွေကို အထိအခိုက်မခံပါဘူး၊ အလုပ်သမားတွေက ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးပြီး အကျိုးအမြတ်တွေရတဲ့အတွက် အလုပ်သမားခံစားခွင့်တွေကို အပြည့်အဝ ပေးထားပါတယ်။

မေး။          ။Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် ဝန်ထမ်းများလုပ် ငန်းခွင် အန္တရာယ်ကင်းရှင်းစွာဆောင်ရွက်နိုင်ရေး ဘယ်လိုစီစဉ်ဆောင်ရွက်ပေးပါသလဲ။

ဖြေ။     ။Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေနဲ့ ဝန်ထမ်းတွေ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းဖို့အတွက်ကတော့ အလုပ်သမားတွေကို လုပ်ငန်းခွင်မှာ မိမိကိုယ်ကို အန္တရာယ်မဖြစ်အောင် ဂရုပြုဆောင်ရွက်ဖို့မှာကြားပါတယ်။ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းဖို့ဆိုရင် အလုပ်ရှင်တွေကပဲ ကာကွယ်ပေးဖို့မဖြစ်သလို အလုပ်သမားကလည်း ကိုယ့်အတွက်ကိုယ်တိုင် ကာကွယ်ပေးဖို့လည်း လိုအပ်ပါတယ်၊ နှစ်ဦးနှစ်ဖက်စလုံး လုပ်ငန်းခွင် အန္တရာယ်ကင်းဖို့၊ ကာကွယ်ဖို့ လိုပါတယ်။

မေး။            ။နိုင်ငံတော်က MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ပေးလျက်ရှိရာ Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်နေမှုများကိုလည်း သိပါရစေ။

ဖြေ။            ။နိုင်ငံတော်က MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက် ရှိရာ Kyaw-3 ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေနဲ့ နိုင်ငံတော်က ဆောင်ရွက်ပေးထားတဲ့ MSME ချေးငွေနဲ့ ကျွန်တော်လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ထားပါတယ်၊ သက်ဆိုင်ရာဌာနကလည်း လိုအပ်တဲ့ အကူအညီတွေ ပေးပါတယ်။

မေး။             ။စီးပွားရေးလုပ်ငန်းများ စတင်တည်ထောင်မည့် လူငယ်များကို ဘာများပြော ချင်ပါသလဲ။

ဖြေ။        ။မြန်မာနိုင်ငံမှာရှိတဲ့  လူငယ်တွေအားလုံးကိုပေါ့နော်  ကျွန်တော်ကိုယ်တိုင်ကလည်း အလုပ်သမားဘဝကနေလာပါတယ်။ သူများနိုင်ငံမှာ အလုပ်ကြိုးစားပြီး ကိုယ့်နိုင်ငံမှာ အလုပ်ရှင်ဖြစ်ချင်တဲ့စိတ်နဲ့ ကြိုးစားသလို လူငယ်တွေကိုလည်း စိတ်ဓာတ်မကျဘဲနဲ့ ကိုယ့်နိုင်ငံမှာ ကိုယ်ကြိုးစားရင် လုပ်ငန်းရှင် ဖြစ်နိုင်တယ်၊ သူများနိုင်ငံမှာ အလုပ်လုပ်ရင် အလုပ်သမားပဲဖြစ်မယ်၊ တစ်ဖက်နိုင်ငံကို အထင်မကြီးဘဲ ကိုယ့်နိုင်ငံမှာကို ကြိုးစားရင် လုပ်ငန်းရှင် ဖြစ်နိုင်ပါတယ်လို့ ပြောကြားရင်း တိုက်တွန်းအပ်ပါတယ်။   ။

တွေ့ဆုံမေးမြန်း- စိုးစိုးအေး လက်ထောက်ညွှန်ကြားရေးမှူး ခရိုင် (ပြန်/ဆက်)

ဓာတ်ပုံ - ဝေနိုင်ထွန်း