Skip to main content

မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရေး မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့ ဖျော်ဖြေပွဲအခမ်းအနားကျင်းပနို င်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၄

ရုရှားတပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍ မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့ ဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက်ကြည့်ရှုအားပေးသည်။

အဆိုပါ ဖျော်ဖြေပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) နှင့် ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး ကောင်စီဝင်များ နှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့် ဇနီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာရုရှားသံအမတ်ကြီး H.E.Mr. Iskandar Azizov ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြည်ရှုအားပေးကြသည်။

ဖျော်ဖြေပွဲအခမ်းအနားတွင် မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရေး မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့တို့မှ အနုပညာရှင်များကဖျော်ဖြေကြရာ ရုရှားရေတပ် သံစုံတီးဝိုင်းအဖွဲ့က ရုရှားသီချင်းများ၊ အကအလှများအပါအဝင် မြန်မာတေးသီချင်းကိုလည်းကောင်း၊ မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ မြဝတီ တေးဂီတအဖွဲ့က “ဆန်းသစ်လှပ ပုဂံယိမ်းအက” အပါအဝင် ရုရှားတေးသီချင်းဖြစ်သည့် “Katyusha” သီချင်းနှင့် “Kalinka” တေးသီချင်း တိုအား မြန်မာ့ရိုးရာတူရိယာ ပစ္စည်းများဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် မြိုင်ဆိုင်စွာတီးခတ်ပြီး ရုရှားအကများဖြင့် လည်းကောင်း၊ ရုရှားတေးသီးချင်းဖြစ်သည့် “Ar Thi Na Si Me Yar” ကိုသီဆို၍လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသူများက ကြည့်ရှု အားပေးကြသည်။

ဖျော်ဖြေမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ဇနီးတို့က ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့အား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်က မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့အား ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များသည် နှစ်နိုင်ငံ ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။