Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr. Iskandar Azizov ၊ ရုရှားရေတပ်မှ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ တပ်မတော်(ရေ)နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် အဆင့်မြင့် တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်မှုအခြေအနေများ၊ နှစ်နိုင်ငံရေတပ်နှစ်ရပ်အကြား ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ပူးပါင်းလေ့ကျင့်ခန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာ့တပ်မတော် အရာရှိများ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားလျက်ရှိမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှု အပြန်လှန်ဖလှယ်နိုင်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာဖြင့်   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်ဦးစီးချုပ်တို့သည်  အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။