Skip to main content

လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထောက်ပံ့ပေးလျက်ရှိ

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်မြွေရိုးကျောင်းစုကျေးရွာအုပ်စု ရုံးတောကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေးသမဝါ ယမအသင်းလီမိတက်အသင်းသားများနှင့်တွေ့ဆုံပြီး ကျေးရွာ၏ ရေမြေသဘာဝအခြေအနေအရ ရုံးတောကျေးရွာသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကိုအခြေခံသည့် ကျေးရွာဖြစ်သည့်အတွက် ကျေးလက်နေတစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး မိုးစပါးအပြီး ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံပြီးပါက နွေသီးနှံများ သီးထပ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ နိုင်ငံတော်အစိုးရက နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အထွက်နှုန်းတိုးရေးအတွက် အမှန်တကယ်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်မှသာတောင်သူများ ဝင်ငွေတိုးပွားနိုင်မည်ဖြစ်ကြောင်း လိုအပ်သည့်စိုက်ပျိုးနည်းစနစ်နှင့် စိုက်ပျိုးရေရရှိရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်အသင်းပိုင် စိုက်ပျိုးမြေပေါ်တွင် သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသော မိုးစပါးမျာဖြစ်ထွန်းအောင်မြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စိတ်တူကိုယ်တူ အသင်သားများညှိနှိုင်း၍ တစ်ဆက်တစ်စပ်တည်း အထွက်တိုးမျိုးများကိုသာ စုပေါင်းစိုက်ပျိုးခြင်း၊ ထွက်ရှိလာသောမိုးစပါးများအား စုပေါင်းရောင်းချခြင်း၊ ဈေးနှုန်းမှန်ကန်စွာရရှိရေးဆောင်ရွက်ပြီး Refund များ ပြန်လည်ပေးအပ်နိုင်ရေးဆောင်ရွက်သွားရန်နှင့် အသင်းသားများနှင့်ညှိနှိုင်းပြီး အကျိုးအမြတ်များကို ညီတူမျှတူခွဲဝေ ဆောင်ရွက်နိုင်ရေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်