နေပြည်တော် နိုဝင်ဘာ ၃
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ တေရသမအကြိမ်၊ (၁၃)ကြိမ်မြောက် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိဆရာတော်ကြီးများအမှူးပြုသည့် ပင့်ဖိတ်ထားသော ဒေသခံဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လှည့်လည်ကြည့်ရှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ သောက်တော်ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အစီအစဉ်အရ မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပေါက်မြိုင်ကျောင်းတိုက်ပဓာနနာယက ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းကန်ဦးကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသထံ ကထိန်လျာသင်္ကန်းကိုလည်းကောင်း၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီးတို့က ပါဠိဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ဆရာတော်သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရေဆင်းကန်ဦး ကျောင်းတိုက်မှ ဂဏဝါစက စာချဆရာတော်များဖြစ်ကြသည့် အရှင်ဝါယမနှင့် အရှင်ဇဝနတို့က ကထိန်အမေးအဖြေများကို ဆောင်ရွက်တော်မူကြသည်။
ထို့နောက် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက်ပဓာနနာယက ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာ တရားနာယူကြပြီး အနုမောဒနာတရားနာကြား၍ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
နေ့ဆွမ်းဆက်ကပ်
ဆက်လက်၍ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုးကြသည်။ အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တေရသမအကြိမ်၊ (၁၃)ကြိမ်မြောက် မိသားစုမဟာဘုံကထိန်အလှူတော်အဖြစ် လှူဒါန်းထားသည့် ပဒေသာပင်များအား နိုဝင်ဘာ ၁ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ အနော်ရထာခန်းမမှ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ တေရသမအကြိမ်၊ (၁၃)ကြိမ်မြောက် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံး၊ ဌာနအသီးသီးမှ ပဒေသာပင်စုစုပေါင်း ၈၆ ပင်၊ တန်ဖိုးငွေကျပ် ၁၇၄၂ သိန်းကျော် ပါဝင်လှူဒါန်းခဲ့ကြပြီး သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်