Skip to main content

မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးတွင် လျှို့ဝှက်သတင်းပေးပို့ခြင်းဖြင့်လည်းပါဝင်

မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် အိုက်စ်မူးယစ်ဆေးဝါး ၂၆၀၀ ကီလိုဂရမ်၊ ကာလတန်ဖိုးငွေကျပ် ၁၀၄ ဘီလီယံခန့်ကို ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာ၌ မြန်မာ့တပ်မတော်(ရေ)က အောက်တိုဘာ ၃၀ ရက်တွင်ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းများက မူးယစ်‌ဆေးဝါးများကို ပင်လယ်ရေကြောင်း အသုံးပြုသယ်ဆောင်မည်ဖြစ်ကြောင်း ကြိုတင်သတင်းများအရ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာမှ ယင်းကဲ့သို့ ပမာဏများပြားစွာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာတွင် ၎င်းတို့ပုံမှန်သယ်ဆောင်ရာ ကုန်းမြေနယ်နိမိတ်များနှင့် လမ်းကြောင်းများတစ်လျှောက် ရှာဖွေစစ်ဆေးမှုများတိုးမြှင့်ပြုလုပ်ခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ စစ်ဆင်ရေးများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းတွင် ဆောင်ရွက်လျက်ရှိခြင်းကဲ့သို့သော အကြောင်းများကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်သူများကရေလမ်းကြောင်းမှ ပြောင်းလဲသယ်ဆောင်မှုများ ပြုလုပ်လာကြခြင်းလည်းဖြစ်သည်။ ပင်လယ်ရေကြောင်းမှ မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့အစည်းများအတွက် ကန့်သတ်ချက်များစွာရှိနေပြီး မူးယစ်ဆေးဝါးပမာဏမြောက်မြားစွာကို သယ်ဆောင်နိုင်ခြင်း၊ နိုင်ငံတကာ ရေပိုင်နက်ကိုအသုံးချပြီး နိုင်ငံဖြတ်ကျော်သယ်ဆောင်မှုများ လွယ်ကူစွာဆောင်ရွက်နိုင်ခြင်း စသည့် အားသာချက်များရှိနေသည်။ ကုန်းမြေနယ်နိမိတ်ကို ကျော်လွန်၍ ပင်လယ်ပြင်သို့ ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးနိုင်ရန်မှာ တပ်မတော်(ရေ)နှင့် ကမ်းရိုးတန်းစောင့် တပ်ဖွဲ့တို့ကသာ စွမ်းဆောင်နိုင်မည့်ကိစ္စမျိုးဖြစ်သည်။

မိမိတို့နိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး အစိုးရအဆက်ဆက် ဆောင်ရွက်ကြိုးပမ်းနေခြင်းဖြစ်သည်။ ယခုအခါရှေ့တန်းသို့ ရောက်ရှိလာသော မူးယစ်ဆေးဝါးများမှာ ဓာတုပစ္စည်းများကိုအခြေခံ၍ နိုင်ငံ၏အစွန်အဖျား၊ တရားဥပဒေစိုးမိုးရေးနှင့် အလှမ်းဝေးသောနေရာများတွင် ထုတ်လုပ်နေကြခြင်းဖြစ်သည်။ အဆိုပါ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုလုပ်ငန်းများတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၊ နိုင်ငံရပ်ခြားမှ ဓာတုဗေဒကျွမ်းကျင်သူများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေကြပြီး အကျိုးအမြတ်လွန်စွာကြီးမားကြောင်း သိရသည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှု၏ အဓိကဓာတုပစ္စည်းများကို အိမ်နီးချင်းနိုင်ငံတို့မှ တင်သွင်းကြခြင်းဖြစ်ရာ ၎င်းတို့ကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်လည်း လိုအပ်လျက်ရှိသည်။

ဥပမာအားဖြင့် ဆိုဒီယမ်ဆိုင်ယာနိုက်ကဲ့သို့သော ဓာတုပစ္စည်းသည် သတ္တုများအရောင်တင်ရာတွင် အသုံးပြုသည့်ပစ္စည်းဖြစ်သကဲ့သို့ မူးယစ်ဆေးပြားများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။ အိမ်နီးချင်းနိုင်ငံမှ လုပ်ငန်းရှင်များက ဆိုဒီယမ်ဆိုင်ယာနိုက်ကို အခြားနိုင်ငံမှတင်သွင်းပြီး ယင်းအနက်မှအများစုကို မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်ရောင်းချခြင်းဖြစ်သည်။ ပြည်တွင်းသို့ တရားမဝင်ဝင်ရောက်လျက်ရှိသော ပရီကာဆာဓာတုပစ္စည်းများကို ထိန်းချုပ်နိုင်ရေးအတွက် အထူးစစ်ဆင်ရေး ဆောင်ရွက်ရာတွင်လည်း ဓာတုပစ္စည်းအမြောက်အမြားကို ဖမ်းဆီးရမိခဲ့သည်။ ဓာတုပစ္စည်းများသည် စက်မှုလုပ်ငန်းအတွက် လိုအပ်ချက်မှတစ်ပါး မူးယစ်ဆေးဝါးထုတ်လုပ်မှုဆီသို့ ရောက်ရှိမသွားစေရန် တားဆီးကာကွယ်မှုတွင် ပြည်သူလူထုကလည်း ပါဝင်ကြရန် လိုအပ်သည်။

မူးယစ်ဆေးဝါးသည် လူသားတစ်ရပ်လုံးအတွက် ရန်သူဖြစ်သကဲ့သို့ မိမိတို့နိုင်ငံအဖို့လည်း တစ်မျိုးသားလုံးက တားဆီးတိုက်ဖျက်ကြရမည့်အရာဖြစ်သည်။ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများနှင့်စပ်လျဉ်း၍ သတင်းရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်သတင်းပေးတိုင်ကြားခြင်းအားဖြင့် အမျိုးသားရေးအန္တရာယ်ကို ကာကွယ်ရာရောက်သည့်အပြင် လျှို့ဝှက်၍ ချီးမြှင့်ပေးအပ်မည့် ဆုငွေများကိုလည်း ထိုက်တန်စွာရရှိကြမည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်