နေပြည်တော် နိုဝင်ဘာ ၃
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်ပြီး Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃၆) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ကျင်းပသည့် အပတ်စဉ် အသိပညာမျှဝေဆွေးနွေးခြင်း အစီအစဉ် (Friday Talk) အမှတ်စဉ် (၃၆)တွင် “ မကွေးတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးမှုအလားအလာအပေါ် လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သဘာဝသယံဇာတအကျိုးကျေးဇူးများ၊ ဒေသ၏တည်နေရာနှင့် ဆက်စပ်လျက်ရှိသည့် လမ်းပန်းဆက်သွယ်ရေးအကျိုးကျေးဇူးများ၊ အပူပိုင်းဒေသ Dry Farming မှ ဆည်များတည်ဆောက်ကာ လယ်ယာစိုက်ပျိုးလာနိုင်သည့် အကျိုးကျေးဇူးများနှင့် ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှိကြောင်း။
ယနေ့မျှဝေ ဆွေးနွေးမည့်ခေါင်းစဉ်အရ မကွေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ အခြေခံအဆောက်အအုံနှင့် ကုမ္ပဏီများအကြောင်းကို သိရှိနားလည်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် လာမည့်အပတ်စဉ်များ၌လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီအလိုက် အသိပညာဖလှယ်ဆွေးနွေးသွားမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြေပုံကြီးကို ထင်ထင်ရှားရှား ပိုမိုသိမြင်လာနိုင်မည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် ဒေသ၏အရေးပါသည့် ဦးစားပေးရင်းနှီးမြှုပ်နှံမှု အလားအလာများနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို စနစ်တကျ အသိပညာမျှဝေ ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဆွေးနွေးတင်ပြမှုကို ဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်းအေးက “မကွေးတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးမှုအလားအလာအပေါ် လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက ဆွေးနွေးမှုခေါင်းစဉ်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ကြသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာအရာရှိကြီးများ၊ အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ တက်ရောက်ကြသည်။
(သတင်းစဉ်)