Skip to main content

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အရန်သင့်ပြင်ဆင်ထားရှိ

နေပြည်တော် နိုဝင်ဘာ ၂

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ဝင်ရောက်လာသူများအား လက်ခံရေးအတွက် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရပြန်လည်လက်ခံရေးစခန်းနှင့် ပြန်လည်ဝင်ရောက်လာသူများ ယာယီနေထိုင်မည့် လှဖိုးခေါင်ကြားစခန်းတို့ကို ဖွင့်လှစ်ထားရှိသည်။

အဆိုပါ စခန်းများအနက် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းနှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်းတို့သို့ နေရပ်စွန့်ခွာသူများ ရောက်ရှိလာပါက လူတစ်ဦးတစ်ရက်လျှင် စားစရိတ်ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် ရန်ပုံငွေခွင့်ပြုထားပြီး လူသုံးကုန်ပစ္စည်း (ကျား လုံချည်/ မလုံချည်၊ စောင်၊ တီရှပ်၊ ဆပ်ပြာ) တို့ကို လူဦးရေအလိုက် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်း၊ စစ်တွေခရိုင် ဦးစီးမှူးရုံးနှင့် မောင်တောခရိုင် ဦးစီးမှူးရုံးတို့တွင် အရန်သင့်ထားရှိသည်။

ထို့ပြင် လှဖိုးခေါင်ကြားစခန်းတွင် ပြန်လည်ဝင်ရောက်လာသူများ ယာယီနေထိုင်စဉ် လူတစ်ဦး တစ်လအတွက် တစ်ယူနစ်နှုန်း (ဆန်ရှစ်ပြည်၊ ဆီ တစ်လီတာ၊ ဆား ၀ ဒသမ ၂၅ ပိဿာ၊ ကုလားပဲခြမ်း ၁ ဒသမ ၅ ပိဿာ) ထောက်ပံ့နိုင်ရေးအတွက် ရန်ပုံငွေခွင့်ပြုထားပြီးစခန်း၌ စုစုပေါင်းယူနစ် ၅၀၀ စာကို အသင့်ဝယ်ယူ သိုလှောင်ထားရှိသည့်အပြင် မီးဖိုချောင်သုံး ပစ္စည်းစုံ (Kitchen Set) ၃၁၉၁ စုံ၊ မိသားစုပစ္စည်းစုံ (Family Kits) အစုံ ၆၀၀ ကို လှဖိုးခေါင်ကြားစခန်းနှင့် မောင်တောခရိုင်ဦးစီးမှူးရုံးတို့တွင် အရန်သင့်ထားရှိပြီး မိသားစုတစ်စုလျှင်တစ်စုံနှုန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

သတင်းစဉ်