နေပြည်တော် နိုဝင်ဘာ ၂
ဖိလစ်ပိုင်နိုင်ငံ စာရင်းစစ်ချုပ်ရုံးကော်မရှင် အကြီးအကဲ Mr.Mario G. Lipana ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မနီလာမြို့၌ နိုဝင်ဘာ ၁ ရက်မှ ၂ ရက်အထိကျင်းပသော အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ ဥက္ကဋ္ဌတာဝန်လွှဲအပ်သည့် (၇) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (7th ASEANSAI Summit)နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးတွင် ASEANSAI အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည့် ဖိလစ်ပိုင်နိုင်ငံ စာရင်းစစ်ကော်မရှင်ဥက္ကဋ္ဌ Mr. Gamaliel A. Cordoba က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ASEANSAI ၏ လက်ရှိဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ASEANSAI ကော်မတီအသီးသီး၏ နှစ်စဉ်လုပ်ဆောင်ချက် အစီရင်ခံစာများ၊ ASEANSAI ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း ပြင်ဆင်မှုများ၊ စာရင်းစစ်ချုပ်ရုံးများ၏ လွတ်လပ်မှုဆိုင်ရာ ပူးပေါင်းသုတေသနအစီရင်ခံစာနှင့် တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးခြင်းဆိုင်ရာ အခြေခံလမ်းညွှန်တို့နှင့်စပ်လျဉ်းပြီး တင်ပြဆွေးနွေးအတည်ပြုကြသည်။
ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ကဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ ကာလအတွင်း ASEANSAI ၏ လုပ်ငန်းဆောင်ရွက်ချက်များကို စုစည်းပြုစုထားသည့် အထိမ်းအမှတ် မှတ်တမ်းစာအုပ် (ASEANSAI Chairmanship Commemoration Book 2021-2023)ကို ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ စာရင်းစစ်ချုပ်များထံပေးအပ်ပြီး လာမည့် (၂) နှစ်တာကာလအတွက် အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည့် ဖိလစ်ပိုင်နိုင်ငံ စာရင်းစစ်ကော်မရှင်ဥက္ကဋ္ဌထံသို့ ASEANSAI ၏ ဥက္ကဋ္ဌတာဝန်များကို ASEANSAI အထိမ်းအမှတ် တူ၊ အလံ စသည့် အထိမ်းအမှတ်ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးအပ်သည်။
ယင်းထိပ်သီးအစည်းအဝေးသို့ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ အတွင်းရေးမှူးချုပ်၊ အဖွဲ့ဝင်အာဆီယံ (၁၀) နိုင်ငံမှ စာရင်းစစ်ချုပ်များ ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံများ၏ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ထို့အတူ နိုဝင်ဘာ ၁ ရက်ကလည်း ထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအစည်းအဝေးနှင့် နည်းပညာဆိုင်ရာ ကြိုတင်ညှိနှိုင်းမှု အစည်းအဝေးများသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်ဦးဆောင်သောအဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
