နေပြည်တော် နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ မြို့နယ်ရှိရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသောတပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သောနယ်လှည့် အထူးကုဆေး အဖွဲ့များလိုက်ပါလာသည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့သည့် ယနေ့နံနက်ပိုင်းတွင် ညောင်တုန်း မြို့နယ်ဆိပ်ကမ်းသို့ရောက် ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါ ဆေးကုသရေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ညောင်တုန်းမြို့ အမှတ်(၁)ရပ်ကွက် သာသနာလင်္ကာရ ကျောင်းကြီးကျောင်းတိုက်ရှိ ကုဏ္ဍလာရာမ သာသနာ့ဗိမာန်တော်၌ အခြေပြု၍ မြို့ပေါ် ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၀၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စတင် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၂၇၄ ဦး၊ ခွဲစိတ် ရောဂါ ၅၃ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၁၃ ဦး၊ ကလေးရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၆၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၂၇ ဦး၊ မျက်စိရောဂါ ၁၂၈ ဦးနှင့် သွား ရောဂါ ၁၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ခုနစ်ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ရှစ်ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။
သတင်းစဉ်