နေပြည်တော် နိုဝင်ဘာ ၁
အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာ ကျေးရွာအုပ်စု၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုအား ပေးကြသည်။
အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို နိုဝင်ဘာ ၁ ရက်မှစ၍ တိုင်းဒေသကြီး၊ ပြည်နယ် ၁၃ ခုရှိ မြို့နယ် ၂၁၄ မြို့နယ်မှ ကျေးရွာအုပ်စု၊ ရပ်ကွက်များ၌ စတင်ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်ရှစ်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာ ၂၇၇ ခု၌ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဥတ္တရသီရိမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ပျဉ်းမနားမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တပ်ကုန်းမြို့နယ်၌ တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူခြင်းကိုလည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
အဆိုပါ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများနှင့်တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျေးရွာများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာရန် လမ်းတံတားအခြေခံအဆောက် အအုံများအပြင် စိုက်ပျိုးမွေး မြူရေးအခြေခံသော ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် တစ်မိသားစုချင်း၏ ဝင်ငွေတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေး လျက်ရှိကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၏ ဖွံ့ဖြိုး အောင်မြင်ဖြစ်ထွန်းမှုကို စံပြအဖြစ်ဆောင်ရွက်ပြသနိုင်ရေးအပြင် ကျေးရွာအလိုက် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် မိမိတို့ကျေးရွာသူ ကျေးရွာသားများ၊ စိုက်ပျိုးမွေးမြူရေး တောင်သူများကဝိုင်းဝန်းကြိုးပမ်း ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း စားရေရိက္ခာဖူလုံရေး၊ ပို့ကုန်မြှင့်တင်ရေးနှင့် မွေးမြူရေး၊ တိရစ္ဆာန်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် စနစ်တကျစီမံခန့်ခွဲနိုင်ရန် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြည်သူများအနေဖြင့် မှန်ကန်သော တိရစ္ဆာန်ကောင်ရေစာရင်းပေးကြရန် လိုအပ်ကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တိုင်းဒေသကြီး၊ ပြည်နယ် ၁၁ ခု၌ အသားတိုးဝက်နှင့် အသားတိုးကြက်မွေးမြူရေးလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ငွေကျပ် ၂၀ ဘီလီယံ ထောက်ပံ့ထားရှိကြောင်း၊ တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးနှင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၉-၁၉၈၀ ခုနှစ်မှ ၁၉၉၃-၁၉၉၄ ခုနှစ်အထိ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနက နှစ်စဉ်ဆောင်ရွက်ခဲ့သော်လည်း ၁၉၉၄ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ တိရစ္ဆာန်ကောင်ရေစာရင်းအား မြေပြင်တွင်ကောက် ယူနိုင်ခဲ့ခြင်းမရှိဘဲ စာရင်းကိန်းဂဏန်းတွက်ချက်နည်းဖြင့်သာ စာရင်းပြုစု မှတ်တမ်းတင် နိုင်ခဲ့သည်။ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသော အခြေခံစာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်စေရန် ၂၀၁၈ ခုနှစ်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆောင်ရွက်ခဲ့ပြီး တိရစ္ဆာန် ကောင် ရေစာရင်းပြောင်းလဲမှုကို သိရှိနိုင်ရန် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းကို နှစ်စဉ်ကောက်ယူခဲ့ကာ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကို (၅)နှစ် တစ်ကြိမ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်၍ ယခု ၂၀၂၃ ခုနှစ်တွင် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း လုပ်ငန်းကို ဒုတိယအကြိမ် ဆောင် ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်