Skip to main content

တပ်ကုန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်း လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၁

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM)နှင့်စပ်လျဉ်းပြီး ရှင်းလင်း ပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့တွင် ဒုတိယနေ့အဖြစ် တပ်ကုန်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့ စမ်းသပ်မဲပေးခြင်း၊ မဲဆန္ဒရှင်များက မဲပေးစက်၏ ထိန်းချုပ်စက်(Control Unit)ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ကြရာ ယင်းတို့အနေဖြင့် အချိန်တိုအတွင်း မဲပေးစက်ကို နည်းစနစ်တကျကိုင်တွယ်နိုင်ခဲ့ပြီး မဲပေးရာ တွင် လွယ်ကူရှင်းလင်းစွာမဲပေးနိုင်ခြင်း၊ မဲရလဒ်များသည် မှန်ကန်တိကျမှုရှိခြင်း၊ ပယ်မဲမရှိတော့ ခြင်း၊ မဲမသမာမှုမပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်းတို့ကို လက်တွေ့သိရှိရပြီး မဲပေးစက် အပေါ် ယုံကြည်သဘောကျ နှစ်သက်မှုရှိကြောင်း သိရသည်။

အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကိုယ်စားလှယ်များ၊ မြဝတီ ရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ရှောက်ကုန်းကျေးရွာအုပ်စု၊ ကျားသေအိုင် ကျေးရွာအုပ်စု၊ နွယ်ရစ်ကျေးရွာ အုပ်စု၊ ရွှေမြို့ကျေးရွာအုပ်စု၊ ကံလှ ကျေးရွာအုပ်စုနှင့် သပြေကုန်း ကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက် ခဲ့ကြသည်။

သတင်းစဉ်