Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သောအဖွဲ့ “အာဆီယံ - တရုတ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ဆောင်မှုဆိုင်ရာဖိုရမ် ၂၀၂၃” သို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာ

နေပြည်တော် နိုဝင်ဘာ ၁

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် အာဆီယံ-တရုတ် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ဆောင်မှုဆိုင်ရာဖိုရမ်(၂၀၂၃)သို့ တက်ရောက်ရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့အား အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။ ယင်းဖိုရမ်သည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးပြန်လည် ထူထောင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် အတွေ့အကြုံများ မျှဝေဖလှယ်နိုင်ရန် ရည်ရွယ်၍ တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) နှင့် ဆက်စပ်သည့် အဆင့်မြင့် ဖိုရမ်တစ်ခုဖြစ်ပြီး တရုတ်လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ကွမ်ရှီး ဒေသအစိုးရတို့ကကြီးမှူး၍ တရုတ်နိုင်ငံကွမ်ရှီးဒေသရှိ နန်နင်းမြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဖိုရမ်ကို Gathering Wisdom, Sharing Opportunities and Building a Bright Future Together ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်း အနားကျင်းပခြင်း၊ ဖိုရမ်အခမ်း အနားနှင့် ဆက်စပ်ပြပွဲများ၊ အလုပ်အကိုင်ပြပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကာ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သောအဖွဲ့သည် တရုတ်နိုင်ငံသို့ သွားရောက်စဉ်အတွင်း ထိုင်းနိုင်ငံသုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိစဉ် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Phiphat Ratchakitprakarn ဦးဆောင်သည့် ထိုင်းနိုင်ငံဘက်မှ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့် အထူးဧည့်သည်တော်ခန်းမ၌ တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာ ကိစ္စရပ်များ ဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU) သက်တမ်းတိုး လက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊ MoU လူသစ်စေလွှတ်ခြင်းနှင့် MoU U-turn စနစ်ဖြင့် လူဟောင်းပြန်လည်စေလွှတ်ခြင်းများအတွက် နှစ်နိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးလုပ်ငန်းစဉ်များ၊ ထိုင်းနိုင်ငံတွင် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် အမည်စာရင်း တင်သွင်းထားသည့် အလုပ်သမားများကို (ပန်းရောင်ကတ်) ထုတ်ပေးနိုင်ရေး ကိစ္စရပ်များ၊ အထောက်အထားမဲ့ မြန်မာအလုပ် သမားများအား Certificate of Identity - CI ဖြင့် တရားဝင် နေထိုင်လုပ်ကိုင်ခွင့် ရရှိစေရေး အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် နှစ်နိုင်ငံအကျိုးရလဒ် ကောင်းများ ပေါ်ထွက်စေရေး ဆွေးနွေးညှိနှိုင်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်