Skip to main content

ဒီပြိုင်ပွဲကြီးကျင်းပပေးခြင်းဖြင့် ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ယဉ်ကျေးမှုတွေကို ပြန်လည်ဖော်ထုတ်ပေးတဲ့ပွဲတစ်ပွဲလို့ ကျွန်တော်ယုံကြည်မိပါတယ်။ ဒီလိုပွဲတွေရှိတာ ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက် ဂုဏ်ယူဝမ်းသာစရာပဲ ဖြစ်ပါတယ်

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တို့ကို ထုတ်ဖော်ထိန်းသိမ်းလက်ဆင့်ကမ်းလျက် အမျိုးဂုဏ်ဇာတိဂုဏ်ကို စောင့်ရှောက်သော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပခဲ့ရာ ယနေ့တွင် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည်လည်း အောင်မြင်စွာပြီးဆုံးခဲ့ပြီ ဖြစ်သည်။ အနုသုခုမပညာရပ် နယ်ပယ်အသီးသီးတွင် ထူးချွန်ပညာရှင်များ၊ မျိုးဆက်သစ်အနုပညာရှင်လူငယ်မောင်မယ်များလည်း ပေါ်ထွန်းလာလျက် အောင်ပွဲရလဒ်များ ရယူပိုင်ဆိုင်နိုင်ခဲ့ကြသည်ဖြစ်ရာ ပြိုင်ပွဲဝင်များ၏ ပီတိနှင့်ယှဉ်သော အနာဂတ်မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လက်ဆင့်ကမ်းထိန်းသိမ်းသွားမည့် အားမာန်ပြည့်ဝသော စကားသံများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မအေးသဇင်လှိုင် အခြေခံပညာအဆင့်

မဟာဂီတပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်

ရန်ကုန်တိုင်းဒေသကြီး

အခု မဟာဂီတပြိုင်ပွဲမှာ ဆုတံဆိပ် ဆွတ်ခူးနိုင်ဖို့အတွက် သီချင်းတွေလည်း အများကြီး ကျက်ခဲ့ရတယ်။ အခုလို ရွှေတံဆိပ်ဆုရရှိလိုက်တော့ ဝမ်းလည်းဝမ်းသာတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဆက်လက်ပြီး ပိုမိုထိန်းသိမ်းဖို့လည်း တာဝန်ရှိလာတယ်လို့ ယူဆပါတယ်။ ယဉ်ကျေး မှုဆိုင်ရာလုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ ကျောင်းပြီးအောင် တက်ရဦးမှာပါ။ အဓိကကတော့ ယဉ်ကျေးမှု တက္ကသိုလ်တက်ဖို့ စဉ်းစားထားတာဖြစ်ပါတယ်။

မောင်နိုင်ဝင်းကိုကို ဝါသနာရှင်(ဒုတိယတန်း)

ခေတ်ဟောင်းကာလပေါ်

မန္တလေးတိုင်းဒေသကြီး

အမျိုးဂုဏ်ဇာတိဂုဏ်မှာ ပထမဆုံး ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ပြီး ခေတ်ဟောင်းကာလပေါ်မှာတော့ တတိယဆုရရှိခဲ့ပါတယ်။ ပြိုင်ပွဲဝင် ယှဉ်ပြိုင်နိုင်ဖို့အတွက် အများကြီး ကြိုးစားအားထုတ် ပြင်ဆင်ခဲ့ရပါတယ်။ တစ်လခွဲ နှစ်လနီးပါးကြာပါတယ်။ အခုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပညာသင်ပေးခဲ့တာကတော့ ကလေးမြို့မှ စန္ဒရားဆရာ ဦးကျော်ငြိမ်းပါ။ လက်ရှိသင်ကြား ပေးနေသူတွေကတော့ ယဉ်ကျေးမှုတက္ကသိုလ် အောင်ကျော်ဆန်း၊ မြန်မာမလေးသပြေ၊ ဆရာမ ဒေါ်နှင်းနှင်းဖြူတို့ပဲ ဖြစ်ပါတယ်။ အမျိုးဂုဏ်ဇာတိဂုဏ်နဲ့ ဆုရပြီးတဲ့နောက် အမျိုးဂုဏ်နဲ့ ဇာတိဂုဏ်ကို ထိန်းသိမ်းဖို့ တာဝန်ရှိတယ်လို့လည်း ခံစားရပါတယ်။ ဒီပြိုင်ပွဲကြီး ကျင်းပပေးခြင်းဖြင့် ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မြန်မာ့ယဉ်ကျေးမှုတွေကို ပြန်လည်ဖော်ထုတ်ပေးတဲ့ ပွဲတစ်ပွဲလို့ ကျွန်တော်ယုံကြည်မိပါတယ်။ ဒီလိုပွဲတွေရှိတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် ဂုဏ်ယူ ဝမ်းသာစရာပဲ ဖြစ်ပါတယ်။

မအိမွန်ဇင် အဆင့်မြင့်ပညာအဆင့်

မဟာဂီတပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်

ရန်ကုန်တိုင်းဒေသကြီး

ကျွန်မအနေနဲ့ (၂၂)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကတည်းက ဝင်ရောက်ယှဉ်ပြိုင် ဖြစ်တာပါ။ အဲဒီတုန်းကတော့ အမျိုးသမီး အသက် ၁၀-၁၅ မှာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပါတယ်။ အခုတစ်ကြိမ်နဲ့ဆို နှစ်ကြိမ် မြောက်ရှိပါပြီ။ ကျွန်မတို့ မဟာဂီတနဲ့ဆိုရင် လူငယ်တွေအနေနဲ့ အလွန်ပဲ အလှမ်းဝေးပါတယ်။ ဒီလိုပြိုင်ပွဲတွေ ကျင်းပပေးမှ ကျွန်မတို့လည်း မဟာဂီတကို သိရတာဖြစ်ပါတယ်။ ပြိုင်ပွဲတွေ ကျင်းပပေးတော့ ကျွန်မတို့လူငယ်တွေအတွက် အကျိုးရှိတယ်။ ကျွန်မတို့ ဘိုးဘွားတွေလက်ထက်က သီချင်းတွေကို ပြန်လည်လေ့ကျင့်ရတာကြောင့် အခက်အခဲ တွေတော့ရှိပါတယ်။ ကျွန်မအနေနဲ့ မဟာဂီတကို ကိုယ်တိုင်လည်း တတ်ကျွမ်းအောင် ဆရာ ဆရာမ တွေဆီကနေ သင်ယူမယ်။ ကိုယ့်အောက်က မောင်လေးညီမလေးတွေကိုလည်း ပြန်ပြီးသင်ကြား ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ အခုလို ပြိုင်ပွဲကြီးတွေကိုလည်း နှစ်စဉ်ကျင်းပပေးစေလိုပါတယ်။ ကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ လူငယ်တွေအတွက်လည်း လေ့လာခွင့်ရတယ်။ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကနေ မြန်မာ့ရိုးရာအမွေအနှစ် တွေကို ထိန်းသိမ်းခွင့်ရတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာပါတယ်။

မောင်စိုးပြည့်ဟိန်း အဆင့်မြင့်ပညာအဆင့်

မဟာဂီတပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်

ရန်ကုန်တိုင်းဒေသကြီး

မဟာဂီတကို အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် ပထမနှစ် စတက်ကတည်းက လေ့လာခဲ့ပြီး မဟာဝိဇ္ဇာတန်းအထိ လေ့လာလိုက်စားခဲ့ပါတယ်။ အရင်က မဟာဂီတနဲ့ပတ်သက်ပြီး ယှဉ်ပြိုင် ခဲ့တာတော့မရှိပါဘူး။ (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ဆိုင်းအဖွဲ့လိုက်နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာတော့ ငွေတံဆိပ် ဆုရရှိခဲ့ပါတယ်။ အခုပြိုင်ပွဲမှာလည်း ဆိုင်းအဖွဲ့လိုက်နဲ့ မဟာဂီတ နှစ်မျိုး ယှဉ်ပြိုင်ဖြစ်ပါတယ်။ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွေ စတင်ပြီဆိုကတည်းက သတ်မှတ် ထားတဲ့ သီချင်းတွေကို ဆရာ ဆရာမတွေ၊ အတီးသမားတွေနဲ့ အနီးကပ် လေ့ကျင့်ခဲ့ရပါတယ်။ မဟာဂီတဟာ အခြားအရာတွေနဲ့ ပတ်သက်ရင် အများကြီးခက်ခဲ နက်နဲပါတယ်။ အဆွဲ၊ အငင်၊ အရစ်၊ အဝိုက်တွေအပြင် စည်းဝါးလည်း ပိုင်နိုင်ရပါတယ်။ မဟာဂီတကို ထဲထဲဝင်ဝင်လေ့လာမယ် ဆိုရင်တော့ အခက်အခဲများစွာကို ကျော်ဖြတ်ပြီး လေ့ကျင့်သင်ယူရမှာ ဖြစ်ပါတယ်။

မနန့်ဖြူစင်မြင့်မြတ် ဝါသနာရှင်(ဒုတိယတန်း)

ရုပ်သေးပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်

ရန်ကုန်တိုင်းဒေသကြီး

အခုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်ဆိုပြီး အဆင့်ဆင့် အများကြီးပြိုင်ခဲ့ရပါတယ်။ ခရိုင်အဆင့်မှာ ရန်ကင်းမြို့နယ်ကိုယ်စားပြု ပထမဆုနဲ့ တိုင်းဒေသကြီးအဆင့်မှာလည်း ပထမဆုရခဲ့ပါတယ်။ အခုဗဟိုအဆင့်မှာတော့ ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြုအနေနဲ့ ရွှေတံဆိပ်ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ အနာဂတ်မျိုးဆက်သစ် တွေအတွက် လက်ဆင့်ကမ်း အမွေအဖြစ် ရုပ်သေးပညာရပ် ဆက်ထိန်းထားနိုင်ဖို့ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေနဲ့ အကောင်းဆုံး လက်ဆင့်ကမ်းပေးဖို့လည်း ရည်ရွယ်ထားပါတယ်။ မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းတဲ့ မြန်မာတစ်မျိုး သားလုံးအနေနဲ့လည်း မြန်မာ့ယဉ်ကျေးမှုကို လက်ဆင့်ကမ်း ထိန်းသိမ်းပေးစေချင်တဲ့အပြင် ပိုပြီးတော့ တိုးတက်အောင်လည်း ဖြန့်ဝေပေးစေချင်ပါတယ်။ အခုလက်ရှိအချိန်မှာ ပျောက်ကွယ် လုနီးပါးဖြစ်နေတဲ့ မြန်မာ့ရုပ်သေး ကြိုးဆွဲပညာကို ပျောက်ကွယ်မသွားစေဖို့ ဒီထက်မက ထိန်းသိမ်းသွားသင့်တယ်လို့လည်း ထင်ပါ တယ်။

မရတနာလင်း အဆင့်မြင့်ပညာအမျိုးသမီး

အကပြိုင်ပွဲ ငွေတံဆိပ်ဆုရှင်

ရခိုင်ပြည်နယ်

အခုလက်ရှိ မန္တလေးအမျိုးသား ယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ နောက်ဆုံးနှစ် ကျောင်းသူဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ငယ်ငယ်ကတည်းက အနုပညာကို ဝါသနာပါခဲ့တာ ဖြစ်တဲ့အတွက် တက္ကသိုလ်ဝင်တန်းအောင်တော့ ယဉ်ကျေးမှုတက္ကသိုလ်ကို တက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်လည်း အနုပညာတွေ လက်ဆင့်ကမ်းနိုင် အောင် ကြိုးစားလေ့လာသင်ယူနေပါတယ်။ ဒီပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက် တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း ရင်းနှီးချစ်ခင်မှုတွေရတယ်။ တစ်ဦးနဲ့တစ်ဦး မတူညီတဲ့ ယဉ်ကျေးမှုတွေလည်း သိခွင့်ရတယ်။ တစ်ဦးနဲ့တစ်ဦး အနုပညာတွေ ဖလှယ်ခွင့်ရရှိတဲ့အတွက်၊ ဒီပြိုင်ပွဲကျင်းပတဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီးခံစားရပါတယ်။

မောင်သူအောင်ချစ် ဝါသနာရှင်(ဒုတိယတန်း)

ကွက်စိပ်ပြိုင်ပွဲရွှေတံဆိပ်ဆုရှင်

ကရင်ပြည်နယ်

ဒီလိုပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ချင်ခဲ့တာ ကြာခဲ့ပါပြီ။ ချက်ချင်းမပြိုင်ရဘဲ နှစ်နှစ် လောက်ကတော့ လေ့လာတဲ့သဘောနဲ့ပဲ လိုက်ခဲ့ရတာပါ။ စာမူစာသွားတွေ၊ ဇာတ်ပြော ဇာတ်ဆိုတွေ လေ့ကျင့်ရတယ်။ ငိုချင်းမှာဆိုရင် ဆို၊ ငို၊ ပြောတွေ ပါတဲ့အတွက် ဇာတ်တွေကိုကြည့်ရတယ်။ ဘယ်မင်းသား၊ ဘယ်မင်းသမီးအဖြစ် ကြည့်ရတယ်။ ပါဠိဘာသာတွေကအစ လေ့လာရတယ်။ ဒါတွေကို အရင်ဆုံးလေ့လာပါဆိုလို့ နှစ်နှစ်လောက်လေ့လာပြီး ဒီနှစ်မှ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ တာပါ။ ကျွန်တော့်ကို သင်ပေးတဲ့ ဆရာတွေကတော့ များပါတယ်။ ကွက်စိပ်ပြိုင်တာဖြစ်တဲ့အတွက် ဆိုင်းရဲ့အသံကိုလည်း နားထောင်ရတယ်။ လူငယ်ဖြစ်တဲ့အတွက် တော်တော်လေးလေ့လာရတယ်။ မျိုးဆက်သစ်တွေ ပေါ်ထွန်းလာဖို့အတွက် ကျွန်တော်တို့အနေနဲ့လည်း အများကြီးလေ့လာမယ်။ ပြီးရင် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းဖို့ ရည်ရွယ်ထားပါတယ်။ နောက်ထပ် ဒီလို ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေရှိရင်လည်း ဆက်ပြီးယှဉ်ပြိုင်ဦးမှာပါ။ ဆုရဖို့အတွက်ဆိုရင်တော့ ဆရာသင်ပေး တာရော၊ ကိုယ့်ရဲ့ကြိုးစားအား ထုတ်မှုရော၊ နောက်ကပံ့ပိုးမှုရောပေါင်းမှ အဆင်ပြေမှာဖြစ်ပါတယ်။

မောင်မိုးယံထက် အဆင့်မြင့်ပညာအဆင့်

အရေးပြိုင်ပွဲရွှေတံဆိပ်ဆုရှင်

ဧရာဝတီတိုင်းဒေသကြီး

အခုပြိုင်ပွဲကို ပုသိမ်တက္ကသိုလ်ကနေ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအဖြစ် လာရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ တေးရေးဆရာ တစ်ယောက်ဖြစ်ဖို့အတွက် ဝမ်းစာများများရှာဖို့ လိုအပ်ပါတယ်။ ဝမ်းစာရှိမှ ပြည်သူကို အဆိပ်မဖြစ်ဘဲ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမယ့် သီချင်းတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဝမ်းစာရဖို့အတွက် စာမျိုးစုံ ဖတ်ရပါတယ်။ သုတ၊ ရသ၊ ဘာသာရေး စတဲ့ စာပေါင်းစုံဖတ် ရပါတယ်။ သီချင်းတစ်ပုဒ်မှာ ပါရမယ့်စည်းမျဉ်းတွေ သိထားရမယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု မပျောက် ပျက်သွားဖို့အတွက် ကျွန်တော်တို့အနေနဲ့ ထိန်းသိမ်းသင့်တယ်။ အခု အဆင့်မြင့်ပညာအရေးပြိုင်ပွဲမှာ ကျွန်တော် ရွှေတံဆိပ်ရရှိခဲ့တဲ့ သီချင်းကတော့ ဗလငါးတန် တို့ရည်သန် သီချင်းနဲ့ ဖြစ်ပါတယ်။

ဦးကြည်သာဗိုလ် ဝါသနာရှင်(ဒုတိယတန်း)

စောင်းအတီးပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်

မန္တလေးတိုင်းဒေသကြီး

လက်ဦး ဆရာကတော့ ကျွန်တော့်ရဲ့အဖေ ဦးစိန်အောင်ဗိုလ် ဖြစ်ပါတယ်။ အခုပြိုင်ပွဲအတွက် တော်တော် လေ့ကျင့်ခဲ့ရပါတယ်။ ဆဒ္ဒန်အိုင်သာ သီချင်းနဲ့ အခုရွှေတံဆိပ်ဆုကို ရရှိခဲ့တာဖြစ်ပါ တယ်။ အခုပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက် ကျွန်တော်တို့ နောင် အနာဂတ်အနုပညာမျိုးဆက်တွေ ကိုလည်း အများကြီး လက်ဆင့်ကမ်းနိုင်မှာဖြစ်ပါတယ်။ အရင်ကလည်း အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွေမှာ စောင်းအတီး ပြိုင်ပွဲမှာရော ပတ္တလားအတီး ပြိုင်ပွဲမှာပါ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် တွေ ရရှိခဲ့ဖူးပါတယ်။ ဒီလိုပြိုင်ပွဲတွေရှိနေတဲ့အတွက် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းရာလည်း ရောက်တယ်လို့ ယူဆပါတယ်။

မောင်လမင်းဦး ဝါသနာရှင်(ပထမတန်း) စန္ဒရား

အတီးပြိုင်ပွဲရွှေတံဆိပ်ဆုရှင်

ရန်ကုန်တိုင်းဒေသကြီး

အခုဝါသနာရှင် ပထမတန်း စန္ဒရားအတီးပြိုင်ပွဲမှာ ဒီပါအေးမြ ပတ်ပျိုးသီချင်းနဲ့ ရွှေတံဆိပ်ဆု ရရှိခဲ့တာဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ စောင်း၊ စန္ဒရားနဲ့ ဆိုင်း (အဖွဲ့လိုက်) ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ လက်ဦးဆရာ က အဘိုး ဦးကျော်လှိုင် ဖြစ်ပါတယ်။ သင်ကြားပေးတဲ့ ဆရာတွေများတော့ အနုပညာအစုံလည်း ရပါတယ်။ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်တာ နှစ်ကြိမ်ရှိသွားပါပြီ။ (၂၃)ကြိမ် မြောက်တုန်းကလည်း စောင်းအတီးပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့ဖူးပါတယ်။ အခုပြိုင်ပွဲမှာ အရင်ပြိုင်ပွဲတွေထက်ပိုပြီး ပြိုင်ပွဲဝင်တွေများလာတယ်လို့ ထင်ပါတယ်။

ယနေ့ နည်းပညာခေတ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုစံနှုန်းများနှင့် ကွဲပြားလျက် မတူညီသော ယဉ်ကျေးမှုပုံစံများ၊ ဖျော်ဖြေရေးပုံစံများ၊ တွေးခေါ်ယူဆချက်များသည် မြန်မာ့ယဉ်ကျေးမှုနယ်ပယ် အတွင်း စိမ့်ဝင်ထိုးဖောက်ပွတ်တိုက်မှုများ ရှိနေသည်။ ၎င်းတို့ကို ဝေဖန်ပိုင်းခြားလျက် ယဉ်ကျေးမှုအသိ၊ အမျိုးသားရေးသတိဖြင့် မိမိတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုသုခုမ ပညာရပ်များ၊ ညီနောင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် အနုသုခုမပညာရပ်များကို လက်ဆင့်ကမ်းထိန်းသိမ်းကြမည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီး၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ပါဝင်ယှဉ်ပြိုင်ကြသူ အနုပညာရှင် အားလုံးတို့သည် ဂုဏ်ပြုထိုက်ဖွယ် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းကြသူများ ဖြစ်ပေသည်။

တွေ့ဆုံမေးမြန်း-အလင်းသစ်

ဓာတ်ပုံ-ကိုကိုနေ