နေပြည်တော် အောက်တိုဘာ ၃၁
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC–II) ညီလာခံခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင် ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို မူလထားရှိသည့် ရည်မှန်းချက်အတိုင်း ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ပြည့်ပြည့်စုံစုံဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား သွေးစည်းချစ်ကြည်မှု ပိုမိုရရှိအောင် ကြိုးစားနိုင်ကြပါစေကြောင်းနှင့် ရရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့ဂုဏ်ကို မြင့်မားအောင် ကြိုးပမ်းစွမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သပါကြောင်း။
အလွန်နက်နဲသိမ်မွေ့ပြီး အဆင့်အတန်းမြင့်မားလှသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်အတူ မျိုးဆက်သစ်လူငယ်မောင်မယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးလေးစားလာကြစေရန်၊ မိမိနိုင်ငံ မိမိလူမျိုး၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မြှင့်တင်လိုသည့် ဇာတိမာန်နှင့် မျိုးချစ်စိတ်များ အစဉ်ထာဝရရှင်သန်နိုးကြား ထက်မြက်နေစေရန်စသည့် ရည်ရွယ်ချက်များနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ၁၉၉၃ ခုနှစ်မှစတင်ပြီး ၂၀၁၆ ခုနှစ်အထိ (၂၂) ကြိမ်တိုင် ကျင်းပခဲ့ပါကြောင်း။
မင်္ဂလာရှိစွာကျင်းပနိုင်ခဲ့
ထို့နောက် ငါးနှစ်ကျော်ကာလ ရပ်တန့်ခဲ့ရသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ၂၀၂၂ ခုနှစ်တွင် (၂၃) ကြိမ်မြောက် ပြိုင်ပွဲကြီးအဖြစ် ပြန်လည်စတင်ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ်ဆိုပါက ဒုတိယမြောက်အနေဖြင့် (၂၄) ကြိမ်အဖြစ် အောင်မြင်စွာကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလို ကောင်းမြတ်သည့် အချိန်အခါသမယတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို မင်္ဂလာရှိစွာ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။
၂၀၂၂ ခုနှစ်တွင် (၂၃) ကြိမ်မြောက်အဖြစ် ပြန်လည်ကျင်းပရာ၌ ဗဟိုအဆင့် ပြိုင်ပွဲဝင်အင်အားသည် ကြိုတင်မျှော်မှန်းထားသည်ထက် ပိုမိုပြီး ယှဉ်ပြိုင်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ အဆိုပါကာလသည် ကိုဗစ်-၁၉ ရောဂါ၏ အငွေ့အသက်များ ကျန်ရှိနေဆဲ အချိန်အခါဖြစ်သော်လည်း မူလမျှော်မှန်းထားသည်ထက် ပိုမိုသာလွန်သည့် ပြိုင်ပွဲဝင်အင်အားများနှင့် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါအချက်ကို လေ့လာထောက်ရှုခြင်းအားဖြင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အကြောင်းကြောင်းကြောင့် ရပ်နားထားခဲ့ရသော်လည်း ယခုပြိုင်ပွဲကြီးကို အလေးထားမျှော်လင့်ကြသည့် သမ္ဘာရင့်ဝါရင့်ပညာရှင်ကြီးများနှင့် မျိုးဆက်သစ်အနုပညာရှင်မြောက်မြားစွာရှိနေကြသည်ကို တွေ့ရှိနိုင်ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် (၂၃) ကြိမ်မြောက်အဖြစ် ကျင်းပပြီးစီးသွားခဲ့သည့် ပြိုင်ပွဲကြီးတွင် ဗဟိုအဆင့်ပြိုင်ပွဲဝင်အင်အားသည် ၁၈၃၈ ဦးရှိခဲ့ပါကြောင်း၊ ယခုနှစ် (၂၄) ကြိမ်မြောက် ဗဟိုအဆင့်တွင် ပြိုင်ပွဲဝင်အင်အား ၂၃၀၆ ဦးရှိသည့်အတွက် ယခင်နှစ်ကထက် ၄၆၈ ဦး ပိုမိုပါဝင်လာသည်ကို တွေ့ရသဖြင့် ဝမ်းသာအားရဖြစ်မိပါကြောင်း။
ဝင်ရောက်ယှဉ်ပြိုင်
ပြိုင်ပွဲဝင်ဘာသာရပ်များအနေဖြင့် အဆိုပြိုင်ပွဲတွင် အမျိုးအစား (၃) မျိုး၊ အကပြိုင်ပွဲတွင် အမျိုးအစား (၈) မျိုး၊ အရေးပြိုင်ပွဲတွင် အမျိုးအစား (၄) မျိုး၊ အတီးပြိုင်ပွဲတွင် အမျိုးအစား (၁၃) မျိုး၊ စုစုပေါင်းပြိုင်ပွဲအမျိုးအစား (၂၈) မျိုးကို ကျင်းပပေးခဲ့ပါကြောင်း၊ အဆိုပါပြိုင်ပွဲများတွင် ဝါသနာရှင် (ပထမတန်း) အဆင့်၊ ဝါသနာရှင် (ဒုတိယတန်း) အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ (အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ် အတွင်း) အဆင့်၊ အခြေခံပညာ (အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ် အတွင်း) အဆင့်ဆိုပြီး အဆင့် (၅)ဆင့် သတ်မှတ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပါကြောင်း။
ပြီးခဲ့သည့်နှစ်က ရွှေတံဆိပ်ဆွတ်ခူးရရှိသူ ၁၈၁ ဦး၊ ငွေတံဆိပ် ဆွတ်ခူးရရှိသူ ၁၄၃ ဦး၊ ကြေး တံဆိပ်ဆွတ်ခူးရရှိသူ ၁၂၁ ဦး၊ နှစ်သိမ့်ဆုရရှိသူ ၅၆ ဦးနှင့် အထူး ဆု ရရှိသူ နှစ်ဦး စုစုပေါင်း ၅၀၃ဦး ရှိခဲ့ပါကြောင်း၊ ယခုနှစ်ပြိုင်ပွဲတွင် ဆုအရေအတွက်သည် ရွှေတံဆိပ် ၁၇၁ ဦး၊ ငွေတံဆိပ် ၁၅၆ ဦး၊ ကြေးတံဆိပ် ၁၅၆ ဦးနှင့် နှစ်သိမ့်ဆုနှင့် အထူးဆုများချီးမြှင့်ပေးမည်ဖြစ်သည့်အတွက် ယမန်နှစ်ကထက် ဆုအရေအတွက် ပိုမိုချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း။
ပြုစုပျိုးထောင်ပေးလျက်ရှိ
ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် အနာဂတ်နိုင်ငံတော်အတွက် တည်ငြိမ်အေးချမ်းမှု၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်သွေးစည်းမှု၊ နိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြားတစ်ဖက်မှလည်း နိုင်ငံတော်၏အနာဂတ်ကို ဖန်တီးကြမည့် လူငယ်များကို ဗလ ငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံတော်၏ သားကောင်းရတနာ၊ သမီးကောင်းရတနာမျိုးဆက်သစ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း။
ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံနေရန်အတွက် ပြုစုပျိုးထောင်ရာတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အခြေခံသည့် အနုသုခုမပညာရပ်များသည် အခြေခံကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်ကို ထပ်ဆင့် ပြောကြားလိုပါကြောင်း။
ထို့ပြင် မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များ ဆက်လက်ထွန်းကားပြန့်ပွားလာသည်နှင့်အမျှ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာများတွင် အမျိုးသားရေး လမ်းကြောင်းမှန်အတိုင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး အမျိုးသားရေး ကိုယ်ခံစွမ်းအားများ မြင့်မားလာမည်ဖြစ်သည်ကို ပြောကြားလိုပါကြောင်း။
တိုက်တွန်းပြောကြား
ယခုကဲ့သို့ ကိုယ်စီရရှိခဲ့ကြသည့် အောင်မြင်မှုများ၊ အပြန်အလှန် ချစ်ကြည်ခိုင်မြဲသည့် မေတ္တာတရားများကို အခြေခံပြီး မိမိတို့၏နေရပ်ဒေသများကို ပြန်လည်ရောက်ရှိကြသည့်အခါ မိမိတို့ဒေသအကျိုး၊ နိုင်ငံတော်အကျိုး၊ နိုင်ငံသူ နိုင်ငံသားများ၏အကျိုးကို ကျရာအခန်းကဏ္ဍများမှနေပြီး ဆတက်ထမ်းပိုးတိုး၍ သယ်ပိုးနိုင်ကြပါစေကြောင်း၊ စည်းလုံးညီညွတ်စွာဖြင့် သာယာလှပသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ကြပါစေကြောင်း တိုက်တွန်းပြောကြားသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် ဆုများပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာအကအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့က ရှမ်းရိုးရာအကဖြင့် စုပေါင်းကပြဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက မဟာဂီတအဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့် ပထမတန်းနှင့် ဒုတိယတန်း (အမျိုးသမီး) ပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၏ဇနီးနှင့် ကောင်စီဝင်တို့၏ဇနီးတို့က မဟာဂီတအဆိုပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း)၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅နှစ်အတွင်း) (အမျိုးသမီး) ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက မဟာဂီတအဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့် (ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက်၁၀ နှစ်မှ ၁၅ နှစ်အတွင်း) (အမျိုးသား) ပြိုင်ပွဲများတွင် ဆုရရှိကြသူများကိုလည်းကောင်း၊ ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့် (ပထမတန်း) ၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) (အမျိုးသား) ပြိုင်ပွဲများတွင် ဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ကောင်စီဝင်များ၏ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက ခေတ်ဟောင်း/ကာလပေါ်အဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့် (ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅နှစ်အတွင်း)(အမျိုးသမီး) ပြိုင်ပွဲ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး တေးသီချင်းအဆိုပြိုင်ပွဲ ဝါသနာရှင်အဆင့် (ဒုတိယတန်း)နှင့် အဆင့်မြင့်ပညာအဆင့် (အမျိုးသား) ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ဖျော်ဖြေတင်ဆက်
ထို့နောက် ခေတ်ဟောင်း/ကာလပေါ်အဆိုပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) (အမျိုးသမီး) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု မခင်ရတနာမိုးမြင့်က “ရွာသာယာ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများက အကပြိုင်ပွဲ ဝါသနာရှင်အဆင့် (ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အဆင့်မြင့်ပညာအဆင့်၊ အခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း )ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ပံ့ပိုးဆိုင်းဆုရရှိသူများကိုလည်းကောင်း၊ ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲ၊ ကွက်စိပ်ပြိုင်ပွဲ၊ ကဗျာလွတ်ပြိုင်ပွဲ၊ ရှမ်းတိုင်းရင်းသားရိုးရာအကပြိုင်ပွဲများတွင် ဆုရရှိ သူများနှင့် ပံ့ပိုးဆိုင်းဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အကပြိုင်ပွဲ၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိသည့် ကရင်ပြည်နယ်ကိုယ်စားပြု မမေစနိုးက ကပြဖျော်ဖြေသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက အရေးပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
သီဆိုဖျော်ဖြေ
ယင်းနောက် အရေးပြိုင်ပွဲ၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) ပြိုင်ပွဲ၌ ရွှေ တံဆိပ်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု မဟန်စုစုစံက “ဝါကျွတ်ခါမီ တူရာသီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများက စောင်းအတီးပြိုင်ပွဲ၊ စန္ဒရားအတီးပြိုင်ပွဲ၊ ဆိုင်းအဖွဲ့လိုက်အတီးပြိုင်ပွဲ၊ ဆိုင်းတစ်ဦးချင်းပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ယဉ်ကျေးမှုအကအဖွဲ့များကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက ဒိုးပတ်အတီးပြိုင်ပွဲ၊ အိုးစည်အတီးပြိုင်ပွဲ၊ တယောအတီးပြိုင်ပွဲ၊ နှဲပြိုင်ပွဲ၊ ပလွေပြိုင်ပွဲ၊ မယ်ဒလင်အတီးပြိုင်ပွဲ၊ ပတ္တလားအတီးပြိုင်ပွဲ၊ ဂီတာအတီးပြိုင်ပွဲနှင့် ဒုံမင်းအတီးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ စောင်းအတီးပြိုင်ပွဲ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု မရှင်းသဒ္ဒါထက်အောင်က တီးခတ်ဖျော်ဖြေသည်။
ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူးက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသက်အကြီးဆုံး၊ အသက်အငယ်ဆုံးနှင့် မသန်စွမ်းပြိုင်ပွဲဝင် ရှစ်ဦးကို အထူးဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်အဖွဲ့များနှင့် ကြိုးဆွဲအဖွဲ့ထူးချွန်ဆု၊ ဆိုငိုပြောအဖွဲ့ထူးချွန်ဆု၊ ဇာတ်ပို့ဆိုင်းအဖွဲ့ထူးချွန်ဆုနှင့် ဇာတ်ညွှန်းဆုရရှိ သူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟော်သဓာဇာတ်တော်ကြီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်အဖွဲ့နှင့် ဇာတ်သရုပ်ဆောင်ထူးချွန်ဆုရရှိသည့် မဟော်သဓာမင်းသားဆု၊ အမရာမင်းသမီးဆု၊ ကေဝဋ် ပုဏ္ဏားဆု၊ နှစ်ပါးသွားဆု၊ ဇာတ်ညွှန်းဆု၊ ပံ့ပိုးဆိုင်းဆုနှင့် ဒါရိုက်တာဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က အခမ်းအနား တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိမှု များမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၁၄၃ ဆု၊ မန္တလေးတိုင်းဒေသကြီးမှ ၈၁ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ ၅၆ ဆု၊ ကရင်ပြည်နယ်မှ ၃၁ ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၂ ဆု၊ ပဲခူးတိုင်းဒေသကြီးမှ ၄၀ ဆု၊ မွန် ပြည်နယ်မှ ၃၂ ဆု၊ ရခိုင်ပြည်နယ် မှ ၁၇ ဆု၊ တနင်္သာရီတိုင်းဒေသကြီး မှ ၁၉ ဆု၊ ကချင်ပြည်နယ်မှ ၁၉ ဆု၊ ကယားပြည်နယ်မှ ၁၆ ဆု၊ ရှမ်းပြည်နယ်မှ ၁၅ ဆု၊ ချင်း ပြည်နယ်မှ ၁၄ ဆုနှင့် မကွေးတိုင်း ဒေသကြီးမှ ၁၆ ဆု ရရှိခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်