နေပြည်တော် အောက်တိုဘာ ၃၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ်စည်ကားလျက်ရှိသည်။
ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရဟန်း၊ ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် စတင်ဖွင့်လှစ်ပေးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့မှစ၍ ဘုရားဖူးပြည်သူအများအပြား နေ့စဉ်လာရောက်ဖူးမြော်ကြည်ညိုကြရာ ယနေ့ထိ ဘုရားဖူးလာသူ ပြည်သူတစ်သန်းကျော်အနက်မှ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ ဦးကျော်ဝဏ္ဏသည် ဦးရေ ၁ သန်းပြည့်မြောက်သည့် ကံထူးသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများအနက် ဦးရေ ၁ သန်းပြည့်မြောက်သူအဖြစ် လာရောက်ဖူးမြော်သည့် ဦးကျော်ဝဏ္ဏနှင့် မိသားစုဝင်များအား ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ဘုရားကြီးမုဒ်ဦးတွင် ကြိုဆိုနှုတ်ဆက်ကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်အတွင်းရှိ ကျောက်စာရုံစေတီတော်များ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊ ဂန္ဓကုဋိတိုက်များ၊ မုစလိန္ဒကန်၊ နဂါးရုံဘုရား၊ မာရဝိဇယကျောင်းတော်၊ သုဓမ္မာဇရပ်များအား လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် ယာယီရှင်းလင်းဆောင်၌ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများ တည်ထားကိုးကွယ်မှု ဆိုင်ရာများနှင့် ဦးရေ ၁ သန်းမြောက် ဘုရားဖူးပြည်သူဖြစ်လာရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုအရ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဦးရေ ၁ သန်းမြောက် ဘုရားဖူးပြည်သူ ဦးကျော်ဝဏ္ဏအား ဉာဏ်တော် ၉ လက်မ အမြင့်ရှိသော စကျင်ကျောက်ဖြင့် ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတော်တူ ဆင်းတုတော်တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန်ပေါင်သွင်းဓာတ်ပုံတစ်ပုံ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများဆိုင်ရာ သမိုင်းကြောင်း ပါဝင်သည့် CD တစ်ချပ်နှင့် ငွေကျပ် ၁၂ သိန်းတန်ဖိုးရှိ Creamy Paper ဖြင့် ရိုက်နှိပ်ထားပြီး ပါဠိ၊ ရိုမန် အက္ခရာနှစ်မျိုးတို့ဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော် ၅၃ကျမ်း (၄၀)အုပ်တစ်စုံတို့ကို အမှတ်တရ ဓမ္မလက်ဆောင်အဖြစ် ဂုဏ်ပြုပေးအပ်ပြီး အဆိုပါ ပိဋကတ် ပါဠိတော်ကျမ်းကို ဦးကျော်ဝဏ္ဏနှင့်ဇနီး ဒေါ်နွယ်နီဝင်း မိသားစုအမည်ဖြင့် ကမ္ဗည်းရေးထိုးထားကာ လှူဒါန်းလိုသော ဘုန်းတော်ကြီးကျောင်းသို့ ကိုယ်တိုင်လှူဒါန်းနိုင်ရန် တစ်ပါတည်း စီစဉ်ပေးထားကြောင်း သိရှိရသည်။
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများအနက် ဦးရေ ၁ သန်းပြည့် မြောက်သူ ဘုရားဖူးပြည်သူ ဦးကျော်ဝဏ္ဏနှင့် မိသားစုဝင်များ၏ ကြည်နူးပီတိစကားသံများကိုလည်း ယခုလို ကြားသိရပါတယ်။
ဦးကျော်ဝဏ္ဏ (ဦးရေတစ်သန်းမြောက် ဘုရားဖူးပြည်သူ)
သီတင်းကျွတ် ရုံးပိတ်ရက်မှာ ဒီနေပြည်တော်မှာရှိတဲ့ အစ်မတို့ဆီကို အလည်လာရင်းနဲ့ ဒီနေ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ကျွန်တော်တို့က ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ်ကနေ မိသားစုနဲ့အတူ အခုလို လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ဒီဘုရားကြီးကိုရောက်တော့ ဝင်ခွင့်ကတ်ထုတ်တဲ့နေရာမှာ တိုက်ပုံအင်္ကျီနဲ့ ဦးလေးတစ်ယောက်က ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ဒီဘုရားကြီးရဲ့ ဂေါပကလို့ပြောပါတယ်။ ဒီမာရဝိဇယ ဘုရားကြီးကို လာရောက် ဘုရားဖူးပြည်သူများအနက် ဒီနေ့ကျွန်တော် ရောက်ရှိကြောင်း စာရင်းသွင်း ကတ်ပြားထုတ်တဲ့အချိန်မှာ အယောက်တစ်သန်းမြောက် ဘုရားဖူးပြည်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုကံထူးသူအဖြစ် စာရင်းဝင်သွားတဲ့အတွက်ကြောင့် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီလိုအယောက် တစ်သန်းမြောက် ကံထူးရှင်ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့မိသားစုကို အခမ်းအနားနဲ့ ဂုဏ်ပြုကာ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနဲ့ သာသနိက အဆောက်အဦများဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြောပြပါတယ်။ ဘုရားဖူးပြည်သူများ တစ်နေ့ တစ်နေ့ တိုးတက်များပြားလာတဲ့ အကြောင်းတွေကို ပြောပါတယ်။ ဒါ့အပြင် ဉာဏ်တော် ၉ လက်မ အမြင့်ရှိတဲ့ စကျင်ကျောက်ဖြင့် ထုဆစ်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတော်တူ ဆင်းတုတော်တစ်ဆူ၊ မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မှန်ပေါင်သွင်း ဓာတ်ပုံတစ်ပုံ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့် သာသနိကအဆောက်အဦများဆိုင်ရာ သမိုင်းကြောင်းရှင်းလင်းချက် CD တစ်ချပ်၊ ငွေကျပ် ၁၂ သိန်းတန်ဖိုးရှိ Creamy Paper ဖြင့် ရိုက်နှိပ်ထားပြီး ပါဠိ/ရိုမန် အက္ခရာနှစ်မျိုးတို့ဖြင့် ပြုစု ထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော် ၅၃ ကျမ်း အုပ် (၄၀) တစ်စုံတို့ကို ဂုဏ်ပြု ပေးအပ်ပါတယ်။ အဲဒီအတွက်ကြောင့် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ်။
ဦးသန့်ဆွေ
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ နေပြည်တော် ဗဟိုချက်မဆိုတဲ့နေရာမှာ တည်ထားကိုးကွယ်ထားတဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးရဲ့ သာသနိကအဆောက်အဦတွေကို နိုင်ငံတော်အကြီးအကဲလည်းဖြစ်၊ ဦးဆောင်ဘုရားဒါယကာလည်းဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးပြီးတော့ စနစ်တကျ စီမံအကွက်ချ တည်ဆောက်ပြီးစီးတဲ့နောက်မှာ သာသနာသက္ကရာဇ် ၂၅၆၇ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယ ဝါဆိုလပြည့်နေ့က ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ရေစက်ချ အောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားကို နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပြည်ပမှ အထူးဖိတ်ကြားထားတဲ့ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ အပါအဝင် ဘုရားကြီးကို လှူဒါန်းကြတဲ့ အလှူရှင်များပါဝင်ပြီး စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပအောင်မြင်ပြီးစီးခဲ့ပါတယ်။ အဲဒီနောက်မှာ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာနဲ့ ဖူးမြော်နိုင်ဖို့အတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ ကစပြီး စက်တင်ဘာလ ၃ ရက်နေ့ထိ အခမဲ့ဝင်ရောက်ဖူးမြော် ခွင့်ပြုခဲ့ပါတယ်။ အဲဒီကာလ တစ်လျှောက်မှာ ၁၉.၈.၂၀၂၃ ရက်နေ့မှာ နိုင်ငံတော်အကြီးအကဲက ရဟန်းရှင်လူ ဘုရားဖူးပြည်သူ များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်တဲ့နေ့မှာပဲ လူဦးရေ ၉၇၀၀၀ ကျော်ရှိပြီး အများဆုံး ဝင်ရောက်ဖူးမြော်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒုတိယကတော့ ဩဂုတ်လ ၁၆ ရက်နေ့ကတော့ ၆၆၀၀၀ ကျော်ပေါ့။ အခမဲ့ ဝင်ရောက်ဖူးမြော် ခွင့်ပြုတဲ့ကာလအတွင်း စက်တင်ဘာလ ၃ ရက်နေ့အထိ ဘုရားဖူးဦးရေက ၆၁၀၀၀၀ ကျော်ရှိပါတယ်။ အဲဒီနောက်မှာ စက်တင်ဘာလ ၄ ရက်နေ့ကစပြီး နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့ ဘုရားဖူးပြည်သူတွေကိုတော့ လွတ်လွတ်လပ်လပ် အခမဲ့ဖူးမြော်ခွင့်ပေးပြီးတော့ ကင်မရာပါတဲ့ တယ်လီဖုန်းကိုတော့ သတ်မှတ်နှုန်းထား ကျပ် ၁၀၀၀ နှုန်းနဲ့ ဘုရားကြီးစီမံ ထိန်းသိမ်းဖို့ အလှူတော်ငွေအဖြစ် ကောက်ခံခဲ့ရာ လှူဒါန်းပူဇော်လိုတဲ့ ဘုရားဖူးများ ဝင်ရောက်ဖူးမြော်ခဲ့ခြင်း ဖြစ်ပါတယ်။ စက်တင်ဘာလ ၄ ရက်နေ့ကစပြီး ရပ်နီးရပ်ဝေး အနယ်နယ်အရပ်ရပ်က ဘုရားဖူးများဖြင့် ကြိတ်ကြိတ်တိုး စည်ကားပြီး လာရောက်ဖူးမြော်လျက်ရှိရာမှာ သီတင်းကျွတ် ရုံးပိတ်ရက်ကာလ အဖိတ်နေ့မှာ ဘုရားဖူးဦးရေ ၁၆၇၀၀ ကျော် လာရောက်ဖူးမြော်ခဲ့ပါတယ်။ သီတင်းကျွတ်လပြည့် နေ့မှာတော့ မာရဝိဇယဘုရားကြီးရဲ့ ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာ တခြားတန်ခိုးကြီးဘုရားများ နည်းတူ ဆီမီးများပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ ဝတ်ရွတ်အသင်းတွေနဲ့ ရွတ်ဆိုခြင်းများကို လည်းပဲ သုံးရက်တာ ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် ဘုရားဖူးပြည်သူတွေဟာ လပြည့်ညမှာ အထူး စည်ကားလာပါတယ်။ ဘုရားဖူးဦးရေ ၇၆၀၀၀ ကျော် လာရောက်ဖူးမြော်ခဲ့ပါတယ်။ ဩဂုတ်လ ၈ ရက်နေ့ကနေ သီတင်းကျွတ် လပြည့်နေ့အထိ ဘုရားဖူးလူဦးရေ ၉၇၅၀၀၀ ကျော် ရှိခဲ့ပါတယ်။ လပြည့်ကျော် ၁ ရက် နေ့မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးမှ ဘုရားဖူးပြည်သူ ဦးရေ တစ်သန်းပြည့်မြောက်တဲ့ ဘုရားဖူးပြည်သူကို ဓမ္မလက်ဆောင်တွေ ပေးအပ်ဖို့အတွက် သေချာ ရေတွက်ထားဖို့ လမ်းညွှန်ချက် လက်ခံရရှိပြီးနောက် လပြည့်ကျော် ၁ ရက်နေ့ကစပြီး ဘုရားဖူး ပြည်သူဦးရေကို ကျွန်တော်တို့ သေချာရေတွက်ခဲ့ပါတယ်။ လပြည့်နေ့ညမှာ ဦးရေတစ်သန်း ပြည့်မီဖို့အတွက် ၂၀၄၂ ဦး ကျန်ရှိတဲ့အတွက် ယနေ့နံနက် ၆ နာရီကစပြီး ဘုရားဖူးဝင်ရောက်တဲ့ ဦးရေကို စိစစ်ဆောင်ရွက်တဲ့အခါ နံနက် ၁၀ နာရီမှာ ၂၀၂၇ ဦး ဆိုတော့ ၁၅ ဦးအလို ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ခန့်မှန်းချိန် ၁၀ နာရီ ၃ မိနစ်မှာ ၁၅ ဦး စိစစ်ပြီး ဝင်ရောက်မှုကို ဆောင်ရွက်လိုက် တဲ့အခါ အခုဓမ္မလက်ဆောင် ဂုဏ်ပြုပေးအပ်ခြင်းခံရတဲ့ ဦးကျော်ဝဏ္ဏက ဦးရေ တစ်သန်းမြောက် ဘုရားဖူးပြည်သူ ဖြစ်ခဲ့ပါတယ်။ ဦးကျော်ဝဏ္ဏကို ဂုဏ်ပြုဓမ္မဒါန လက်ဆောင်တွေကို နိုင်ငံတော် အကြီးအကဲရဲ့ ကိုယ်စား ဘုရားကြီးမှ တာဝန်ရှိပုဂ္ဂိုလ်များက ချီးမြှင့်ခြင်းဖြစ်ပါတယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့တကွ သာသနာ့အဆောက်အဦများ၊ ဗုဒ္ဓဥယျာဉ်တော်ကလည်းပဲ စတင်တည်ဆောက်ကတည်းက နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့ အသုံးပြုခြင်းမရှိဘဲ အများပြည်သူ ခုနစ် ရက်သားသမီးတွေရဲ့ စုပေါင်းအလှူနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အခုလို ပြည်သူအားလုံး ဖူးမြော်ပြီး ကြည်ညိုသဒ္ဓါပွားများကြရတာ ဖြစ်ပါတယ်။ ဒါလည်းပဲ ကျွန်တော်တို့ရဲ့ သတ်မှတ်ပြဋ္ဌာန်း ထားတဲ့ ရည်ရွယ်ချက် ၄ ရပ်နဲ့အညီ ကမ္ဘာတည်သရွေ့ ထွန်းလင်းတောက်ပ တည်တံ့ခိုင်မြဲနေစေဖို့ အတွက် ရဟန်းရှင်လူ ဘုရားဖူးပြည်သူတွေရဲ့ အလှူဒါနတွေနဲ့ ဆက်လက်ပြီးတော့ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် စီမံထိန်းသိမ်းမွမ်းမံ ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ဘုရားဖူး ပြည်သူများတွေအနေနဲ့လည်း စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ကြဖို့၊ ကြည်ညိုသဒ္ဓါ ပွားများစေကြဖို့ ဆုမွန်ကောင်း ပို့သအပ်ပါတယ် ခင်ဗျာ။
ဒေါ်နွယ်နီဝင်း
ကျွန်မကတော့ ကိုကျော်ဝဏ္ဏ ရဲ့ဇနီး ဒေါ်နွယ်နီဝင်း ဖြစ်ပါတယ်။ ကျွန်မတို့ မိသားစုက ရန်ကုန်က ဖြစ်ပါတယ်။ ဒီသီတင်းကျွတ် ရုံးပိတ်ရက်မှာ နေပြည်တော်မှာရှိတဲ့ အစ်မတို့ဆီကို အလည် လာရောက်ရင်းနဲ့ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးက အလွန် သပ္ပာယ်ပါတယ်။ ဘုရားရင်ပြင် တော်ပေါ်တက်လိုက်တာနဲ့ အလွန်အေးချမ်းတယ်။ ဒီနေ့ကျွန်မ အမျိုးသားက ဘုရားဖူးပြည်သူ ဦးရေ တစ်သန်းမြောက် ဘုရားဖူးပြည်သူ ဖြစ်ခွင့်ရခဲ့တယ်။ အလွန် ဂုဏ်ယူပါတယ်။ ဂေါပကရုံး တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း အထူးပဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အနယ်နယ် အရပ်ရပ်က ဘုရားဖူးပြည်သူတွေလည်း လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ဦးသန်းထက်အောင်
ကျွန်တော် ဘုရားဖူး လာရောက်ဖြစ်တာဆိုရင် ငါးကြိမ်မြောက်ရှိပါပြီ။ ဖူးလို့ကို မဝပါဘူး။ စိတ်ထဲလည်း ကြည်နူးပီတိဖြစ်ရပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ဝန်ထမ်းတွေကို နေပြည်တော်မှာရှိတဲ့ ဘုရားတွေကို လိုက်ပို့တိုင်း ဒီမာရဝိဇယဘုရားကြီးကို လိုက်ပို့ဖြစ်တယ်။ အခြားအထင်ကရဘုရားတွေ လည်းလိုက်ပို့ဖြစ်တယ်။ ကျွန်တော့် ဆီကိုလာတဲ့သူတိုင်းကို ဘုရားမဖူးဘဲ ပြန်မလွှတ်တဲ့ သဘောမျိုး ဖြစ်အောင်ကို ပို့ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူး မိတ်ဆွေတွေလည်း ကုသိုလ်လာယူပြီးတော့ ဒီလိုဖူးမြော်ချင်တယ် ဆိုရင်တော့ နေပြည်တော်မှာ လာရောက်လည်ပတ်ရင်းနဲ့ အထင်ကရဘုရားတွေ၊ စေတီပုထိုးတွေ အများကြီးရှိပါတယ်။ လာရောက်ဖူးမြော်ဖို့လည်း ဖိတ်ခေါ်ပါတယ်။ နေပြည်တော်မှာ တန်ခိုးကြီး ဘုရားတွေအများကြီးရှိတဲ့ အထဲမှာ ထူးခြားမှုအနေနဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဘုရားကြီး ဖြစ်ပါတယ်။ မြန်မာမှုလက်ရာတွေလည်း အများကြီးရှိပါတယ်။ ဘုရားဖူး ပြည်သူတွေအနေနဲ့ ကြည်ညိုသဒ္ဓါပွားဖို့လည်း ကောင်းပါတယ်။ လာရောက်ဖူးမြော်သူတွေအနေနဲ့လည်း ဘုရားကြီးရဲ့ ရုပ်ပွားတော်ကို ဖူးမြော်လိုက်ရခြင်းဖြင့် ရင်ထဲမှာ အေးချမ်းမှု၊ ပီတိဖြစ်မှုနဲ့ သဒ္ဓါပွားမှုတွေ အများကြီးဖြစ်ပေါ်ပါတယ်။
ဒေါ်တင်မိုးခိုင်
ရန်ကုန်က မောင်လေးတို့မိသားစု နေပြည်တော်ကိုလာတော့ မာရဝိဇယဘုရားကြီးကို လိုက်ပို့တာပါ။ မနေ့ကတည်းက လာဖို့ကို မလာဖြစ်ခဲ့တာပါ။ ဒီနေ့မှ မနက်စောကြီးထပြီးတော့ မနက်စာစားပြီး လာခဲ့ကြတာပါ။ မာရဝိဇယဘုရားကြီး မပြီးခင်ကတည်းက ဖူးချင်နေတာ။ ပထမဦးဆုံး ဖွင့်တဲ့နေ့ကလည်း လာရောက်ဖူးမြော်ခဲ့ပါတယ်။ ဒီနေ့လည်း နိဗ္ဗာန်ထောက်ပံ့နိုင်ဖို့ ကိုယ့်ရဲ့ မောင်လေးကို ထောက်ပံ့ပေးတာ။ အခုလိုမျိုး ဘုရားဖူးပြည်သူ ဦးရေတစ်သန်းမြောက် ဘုရားဖူးပြည်သူ ဖြစ်တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ အလွန်လည်း ကြည်နူးမိပါတယ်။ မနက်ကတည်းက အစောကြီး ထပြီးတော့ မာရဝိဇယဘုရားကြီးကို ဖူးမြော်စေချင်လို့ လာရောက် ပို့ပေးဖြစ်တာပါ။ မထင်မှတ်ဘဲ အခုလိုမျိုး ဖြစ်သွားတဲ့အတွက် အိပ်မက်လားလို့တောင် ထင်မိ ပါတယ်။ မာရဝိဇယ ဘုရားကြီးမှာရှိတဲ့ ဂေါပကအဖွဲ့ဝင်တွေကလည်း ဖော်ရွေကြပါတယ်။ ဧည့်ဝတ် လည်း ကျေပါတယ်။ ဘုရားတွေကို စုံအောင်လိုက်ပြပေးတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။
သတင်းစဉ်
