Skip to main content

မန္တလေးမြို့ ရတနာပုံဥယျာဉ်၌ ကျင်းပသည့် မြန်မာ့ရိုးရာသီတင်းကျွတ် ဆီမီး ၅၀၀၀ မီးထွန်းပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲ

မန္တလေး အောက်တိုဘာ ၃၀

မြတ်စွာဘုရားရှင်အား ရည်မှန်းပူဇော်သည့် မြန်မာ့ရိုးရာသီတင်းကျွတ် ဆီမီး ၅၀၀၀ မီးထွန်းပွဲတော်ကို မြန်မာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့မှစတင်၍ မန္တလေးမြို့ နန်းမြို့ရိုးနှင့် ကျုံးရေပြင်အကြားရှိ ရတနာပုံဥယျာဉ်၌ ကျင်းပလျက်ရှိရာ ယနေ့အောက်တိုဘာ ၃၀ ရက် ညပိုင်းတွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်ပါဝင်ဆင်နွှဲသည့် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

အဆိုပါပွဲတော်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး လာရောက်ကြသည့်ပြည်သူများ စိတ်အေးချမ်းသာစေရန် သီတင်းကျွတ်မီးထွန်းပွဲတော်ကို အစီအစဉ်ကောင်းများစွာဖြင့် ဆောင်ရွက်ထားသည်ကိုလည်း တွေ့မြင်ရသည်။

ပွဲတော်အတွင်း ဌာနဆိုင်ရာအသီးသီးက စတုဒိသာ အကျွေးအမွေးများလည်း စီစဉ်ထားရှိရာ လာရောက်ကြသည့် ပြည်သူများ မိမိနှစ်သက်သည့် အစားအစာများကို ရွေးချယ်စားသောက်၍ မီးထွန်းပွဲတော်ကို မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေ၊ သူငယ်ချင်းအစုအဖွဲ့လိုက် သော်လည်းကောင်း ပျော်ရွှင်စွာဆင်နွှဲကြသည်။

စိတ်အပန်းဖြေ

မီးထွန်းပွဲတော်သို့ ပြင်ဦးလွင်မြို့မှ လာရောက် ပါဝင်ဆင်နွှဲသည့် ကိုရဲကလည်း “ဒီလို မြန်မာ့ရိုးရာ ပွဲတော်သီတင်းကျွတ်အခါသမယမှာ ပြည်သူတွေ ပျော်ရွှင်အောင်စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိပါတယ်။ ဒီလိုပွဲမျိုးပြုလုပ်ပေးခြင်းဟာ ပြည်သူတွေအတွက် စိတ်အပန်းဖြေရာလည်းရပါတယ်။ စတုဒိသာအဖြစ်ကျွေးမွေးတဲ့ အစားအသောက်တွေဟာလည်း သန့်ရှင်းပြီးအရသာလည်းရှိပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေလည်း အတော်လေး စုံလင်တဲ့အပြင် ပွဲ‌တော်အမှတ်တရ၊ ဓာတ်ပုံရိုက်ဖို့ ရောင်စုံလျှပ်စစ်မီးအလှတွေ ပြင်ဆင်ထားရှိပေးတဲ့အတွက် ကျွန်တော်အပါအဝင် ပြည်သူတွေအားလုံး စိတ်ကျေနပ်ကြမယ်လို့ ထင်မြင်မိပါတယ်”ဟု ပြောသည်။

အလားတူ ဖျော်ဖြေရေးအစီအစဉ်ကောင်းများအဖြစ် မန္တလေးနန်းမြို့ရိုးအရှေ့ဘက်ခြမ်းရှိ ရတနာပုံဥယျာဉ်အတွင်း ကျောက်ဆည်ဆင်အက၊ ရိုးရာခြင်းလုံး အလှခတ်၊ မန်းစည်ပင် ခေတ်ပေါ်တေးဂီတအဖွဲ့၊ Unplugged တေးဂီတများနှင့်အတူ နိုင်ငံကျော် တေးသံရှင်များနှင့် လက်ရှိနာမည်ကြီး တေးသံရှင်၊ အနုပညာရှင်များလည်း ပါဝင်ဖျော်ဖြေလျက်ရှိရာ မီးထွန်းပွဲတော်လာပြည်သူများ တစ်နေကုန်မောပန်း ခဲ့သမျှပြေပျောက်ခွင့်ရရှိခဲ့သည့် အစီအစဉ် တစ်ခု လည်း ဖြစ်သည်။

ယင်းသို့ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ခြင်းအပြင် ဆီမီးမျှောခြင်း၊ ရောင်စုံမီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ မီးပုံးပျံများလွှတ်တင်ခြင်းများကိုလည်း စည်ကားသိုက်မြိုက်စွာကျင်းပရာ မန္တလေးမြို့သူ မြို့သားများအပြင် အနီးပတ်ဝန်းကျင်မှ ပြည်သူများလည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် အတူတကွပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

မောင်အေးချမ်း