Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး ပါတီဝင်အင်အားများ စိစစ်ခြင်း၊ နိုင်ငံရေးပါတီများနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများအား တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၃၀

နိုင်ငံရေးပါတီဝင် အင်အားစိစစ်ခြင်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုပြီးသော ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီလေးပါတီနှင့် ရှမ်းပြည်နယ်အတွင်းစည်းရုံးမည့် ပါတီနှစ်ပါတီမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီလေးပါတီနှင့် ရှမ်းပြည်နယ်အတွင်း စည်းရုံးမည့် ပါတီနှစ်ပါတီ၊ စုစုပေါင်း ခြောက်ပါတီအား သတ်မှတ်ရက် ကာလပြည့်ပြီးဖြစ်သဖြင့် မြေပြင်စစ်ဆေးခြင်းဖြစ်ကြောင်း၊ ပါတီဝင်များစိစစ်ရာတွင် သက်ဆိုင်ရာပါတီများရှိပါ တီဝင်လျှောက်လွှာ၊ အသိအမှတ်ပြုကတ်ပြား၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရသည့် ပါတီဝင်အင်အား စာရင်းနောက်ဆက်တွဲ(ဇ)ပူးတွဲများနှင့် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအား အင်အားတောင့်တင်းသော ပါတီဝင်များ ဖြစ်လာစေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများမှ ပူးပေါင်းအစစ်အဆေးခံရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက ရှမ်းပြည်နယ်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုထားပြီးသော နိုင်ငံရေးပါတီများအား ပါတီတစ်ခုချင်းအလိုက် ပါတီဝင်အင်အားကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ၎င်းပါတီတာဝန်ခံတို့ တိုက်ဆိုင်စိစစ်စစ်ဆေးပြီးသော အခြေအနေများကို တင်ပြသည်။ ယင်းနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့က ဆက်လက်တင်ပြဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီခြောက်ပါတီ၏ တာဝန်ခံများကလည်း ပါတီအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီများ၏ ပါတီဝင်အင်အားစိစစ်မှုကို ဆက်လက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်