Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၉

“Eurasian Security: Reality and Prospects in a Transforming World” ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ အဆင့်မြင့်ညီလာခံကို အောက်တိုဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ဘယ်လာရုစ်နိုင်ငံ Minsk မြို့၌ ကျင်းပခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါညီလာခံသို့ ဘယ်လာရုစ်၊ ရုရှားနှင့် ဟန်ဂေရီနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများ၊ မင့်စ်မြို့အခြေစိုက်သံရုံး ၃၄ ရုံးမှ သံရုံးအကြီးအကဲများနှင့် UN, CSTO, SCO, EEC, CIS, EAEU, ICRC စသည့် နိုင်ငံတကာအဖွဲ့အစည်းခုနစ်ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဘယ်လာရုစ်နိုင်ငံ သမ္မတ Alexander Lukashenko က ညီလာခံ တက်ရောက်လာသူများနှင့် ဧည့်သည်တော်များကို နှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ရာ လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံတိုင်းရှိ စိတ်ကောင်းစေတနာကောင်းရှိသော ပြည်သူများက တားဆီးကာကွယ်ခြင်းဖြင့် ဖြေရှင်းသင့်ကြောင်း၊ တည်ငြိမ်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အာမခံချက်များအား ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ထိန်းသိမ်းရန်၊ ပေါ်ပေါက်လာသော သဘောထားကွဲလွဲမှုများကို သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းရန်၊ ထိပ်တိုက်ရင်ဆိုင်မှုများ၊ ရန်လိုမှုနှင့် မုန်းတီးမှုအဆင့်ကို လျှော့ချရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်း အလေးထား ဖော်ပြခဲ့သည်။

အပြန်အလှန်ဆက်ဆံမှုဆိုင်ရာကိစ္စရပ်များ အဓိကဆွေးနွေးခဲ့

ညီလာခံတက်ရောက်သူများသည် ယူရေးရှားဒေသ လုံခြုံရေးအတွက် တစ်ကမ္ဘာလုံးနှင့် ဒေသတွင်းပထဝီနိုင်ငံရေးဆိုင်ရာ လိုအပ်ချက်များ၊ ယူရေးရှားဒေသအတွင်းရှိ နိုင်ငံများနှင့် ဒေသတွင်းအဖွဲ့အစည်းများအကြား အပြန်အလှန်ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းတွင် အကောင်းဆုံး ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ဗိသုကာပုံစံအသစ်သည် နိုင်ငံစုံဝါဒအပေါ် အခြေခံရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် လေးနက်စွာ ကတိကဝတ်ပြုထားကြောင်း၊ ယနေ့ခေတ် နိုင်ငံတကာဆက်ဆံရေးသည် အသွင်ကူးပြောင်းရေးဆီသို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနေသဖြင့် နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍသည် အလွန်အရေးပါလာကြောင်း၊ ကမ္ဘာပေါ်တွင် ပဋိပက္ခများ ပိုမိုနက်ရှိုင်းလာသည်ကို ဝမ်းနည်းစွာသတိပြုမိကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းများကို ဖြေရှင်းရာတွင် SCO နှင့် CSTO တို့၏ ကြီးမားသော အခန်းကဏ္ဍကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် အချုပ်အခြာအာဏာကို လေးစားရေး၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးနှင့် နိုင်ငံအချင်းချင်း အပြန်အလှန်လေးစားရေးဆိုင်ရာ အခြေခံမူများကို မြန်မာနိုင်ငံက ကတိကဝတ်ပြုထားသည်ကို ထပ်လောင်းအတည်ပြုပါကြောင်း၊ ပိုမိုလုံခြုံ၍သာယာဝပြောပြီး သဟဇာတဖြစ်သော ယူရေးရှားဒေသကို ဖော်ဆောင်ရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်းနှင့် ကျယ်ပြောလှပြီး မတူကွဲပြားမှုများပြားသော ယူရေးရှားဒေသရှိ ပြည်သူများ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုကို ခံစားနိုင်မည့် အနာဂတ်ကို အတူတကွပုံဖော်ကြရန် တိုက်တွန်းကြောင်း အလေးထားပြောကြားခဲ့သည်။

ယခု ညီလာခံကျင်းပရန် အဆိုပြုချက်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် Yerevan ၌ ကျင်းပခဲ့သည့် CSTO ထိပ်သီးအစည်းအဝေးတွင် ဘယ်လာရုစ်နိုင်ငံသမ္မတ Alexander Lukashenko က စတင်အဆိုပြု ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဘယ်လာရုစ်နိုင်ငံသည် ‘‘စည်းလုံးညီညွတ် မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်’’ ဟူသောဆောင်ပုဒ်ဖြင့် CSTO အဖွဲ့ကို ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက မင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရောက်ကာ ကောင်စစ်ဝန်ချုပ်ရုံးမိသားစုများ၊ ဘယ်လာရုစ်နိုင်ငံ၌ ရောက်ရှိပညာသင်ကြားလျက်ရှိသည့် သင်တန်းသား ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ အားပေး စကားပြောကြားခဲ့သည်။

လိုက်လံရှင်းလင်းပြသခဲ့

အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ရှိ အမျိုးသားစာကြည့်တိုက် (National Library of Belarus) သို့ သွားရောက်လေ့လာခဲ့ကြပြီး ထိုမှတစ်ဆင့် Belarus State Museum of the History of the Great Patriotic War စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၇ ရက် ဘယ်လာရုစ် ဒေသစံတော်ချိန် ည ၉ နာရီခွဲတွင် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ပြီး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နံနက် ပိုင်းတွင် ပြန်လည်ရောက်ရှိလာရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်