Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား တက်ရောက်ကြည်ညို၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၈

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသော ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု တပ်ပိုးကျေးရွာ ရန်အောင်မြင် ထန်းတောကျောင်းတိုက်၌ကျင်းပသည်။

တက်ရောက်ကြည်ညို

အခမ်းအနားသို့ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ထန်းတောကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိမလ မထေရ်မြတ်နှင့် ပင့်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် ထန်းတောကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိမလ မထေရ်မြတ်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကိုနာယူကြကာနေပြည်တော်ကောင်စီဥက္ကဋ္ဌက ရန်အောင်မြင်ထန်းတောကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တ ဝိမလမထေရ်မြတ်ထံ ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော် ၁၈ ဆူနှင့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း၍ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအားနဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌအမှူးပြုသော ဧည့်ပရိသတ်များက ရန်အောင်မြင်ထန်းတောကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိမလ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာ အုန်းတောပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကုမာရ မထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာ အုန်းတောပရိယတ္တိစာသင်တိုက်ဓမ္မာရုံ၌ နေပြည်တော်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် Irrawa-ddy Green Towers Ltd တို့ပူးပေါင်း၍ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက သင်တန်းတွင်ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ကြက်ခြေနီတပ်ဖွဲ့ဝတ်စုံများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ၂ဝ၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ရွှေမင်းအေးကုမ္ပဏီက ဆောင်ရွက်သည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု ပေါက်တောကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် Top Strength Nay Pyi Taw ကုမ္ပဏီက ဆောင်ရွက်သည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု ပေါက်တောရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ Box Culvert တစ်စင်းဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) (ပေ ၂၁၀) (၄)လမ်းသွား တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း၊ ဇမ္ဗူသီရိမြို့နယ်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် ဘူးကွဲချောင်း (ရာဇသင်္ဂဟလမ်းနှင့် ဧရာဝတီလမ်းထောင့်) မြေထိန်းကျောက်စီမြောင်းဆောင်ရွက်နေမှု၊ ရာဇသင်္ဂဟလမ်းဘေးမြေယာရှုခင်း ဆောင်ရွက်နေမှုနှင့် ဘူးကွဲချောင်း (ရာဇသင်္ဂဟလမ်းနှင့် ပိတောက်လမ်းထောင့်) မြေထိန်းကျောက်စီမြောင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်