Skip to main content

နိုင်ငံတော်က ဒီလိုပြိုင်ပွဲကြီးကို ကျင်းပပေးခြင်းအားဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်တွေကို ထိန်းသိမ်း၊ ဖော်ထုတ်ဆောင်ရွက်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်

နိုင်ငံတော်က ဒီလိုပြိုင်ပွဲကြီးကို ကျင်းပပေးခြင်းအားဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်တွေကို ထိန်းသိမ်း၊ ဖော်ထုတ်ဆောင်ရွက်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်

ဦးရဲဒွေး (ရုပ်သေးအကဲဖြတ်ပညာရှင်)

နေပြည်တော် အောက်တိုဘာ ၂၈

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမအမွေအနှစ်များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာကို အလေးထားတန်ဖိုးထားထိန်းသိမ်းနိုင်ရန်အတွက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ပညာရှင်များနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းခံစားချက်များကို ဖော်ထုတ်ရေးသားတင်ပြလိုက်ရပါသည်။

ဦးရဲဒွေး (ရုပ်သေးအကဲဖြတ်ပညာရှင်)

(၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှာ ရုပ်သေးရုပ်အကနဲ့ပတ်သက်လို့ နှစ်မျိုး ပါဝင်ပါတယ်။ ရုပ်သေးကြိုးဆွဲအကနဲ့ ရုပ်စုံအဖွဲ့လိုက် ဇာတ်တော်ပြိုင်ပွဲဖြစ်ပါတယ်။ ရုပ်သေးကြိုးဆွဲအကမှာ ဝါသနာရှင်ပထမတန်းအဆင့်နဲ့ ဝါသနာရှင် ဒုတိယတန်းအဆင့်ဆိုပြီး ပါဝင်တယ်။ ရုပ်စုံအဖွဲ့လိုက် ဇာတ်တော်ပြိုင်ပွဲမှာ ဝါသနာရှင်ပထမတန်းအဆင့် ဖြစ်ပါတယ်။ အဲဒီအဖွဲ့နှစ်ခုလုံးကို ကြီးကြပ်တဲ့တာဝန်ယူထားပါတယ်။ ရုပ်သေးကြိုးဆွဲအကရဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ ပြိုင်ပွဲဝင်တွေက ကြိုးဆွဲတဲ့အခါမှာ လက်တည်တည်ငြိမ်ငြိမ်နဲ့ အရုပ်ကို ကိုင်ထားနိုင်ရမယ်၊ ကကြိုးကကွက် ပီပြင်ရမယ်၊ စုံလင်ရမယ်၊ အဆိုနေရာမှာ အဆိုဟန်၊ အကနေရာမှာ အကဟန်တွေက ပြည့်ပြည့်စုံစုံ၊ လှလှပပ ကြိုးဆွဲကပြနိုင်ဖို့ဆိုတဲ့ သတ်မှတ်ချက်တွေရှိပါတယ်။

မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတဲ့ အဆို၊ အက၊ အရေး၊ အတီးအားလုံးက ပျောက်ကွယ်လုနီးပါး ဖြစ်လာတယ်။ ရုပ်သေးအက တစ်ခုတည်း မဟုတ်ပါဘူး။ မြန်မာ့သဘင်အနုပညာရပ်တွေ မျိုးစုံပါဝင်ပါတယ်။ နိုင်ငံတော်က ဒီလိုပြိုင်ပွဲကြီးကို ကျင်းပပေးခြင်းအားဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်တွေကို ထိန်သိမ်း၊ ဖော်ထုတ်ဆောင်ရွက်ခွင့် ရရှိတဲ့အတွက် ဝမ်းသာကြပါတယ်။ ကျွန်တော်တို့ မြတ်နိုးတဲ့ပညာရပ်တွေနဲ့ ဆောင်ရွက်ခွင့်ရနေတဲ့အတွက် အင်မတန်ပျော်ရွှင်ကြည်နူးရပါတယ်။

ဒေါ်ခက်နွယ်အေး (အုပ်ချုပ်သူ-ကရင်ပြည်နယ်)

ကျွန်မက ကရင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ ကဗျာလွတ်အက အုပ်ချုပ်သူအဖြစ် တာဝန်ယူထားပါတယ်။ ကဗျာလွတ်အကမှာ ပါဝင်ယှဉ်ပြိုင်တဲ့ကလေးတွေက ကျောင်းပေါင်းစုံက ကလေးတွေဖြစ်တဲ့အတွက် တစ်နေရာတည်းမှာ စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ အခြေခံကျောင်းတွေကဖြစ်တဲ့အတွက် ကျောင်းသင်ခန်းစာသင်ရိုး ဂီတအချိန်မှာ ကဗျာလွတ်အကကို သင်ကြားရပါတယ်။ သေသေချာချာ စနစ်တကျ လေ့ကျင့်ခဲ့ကြပါတယ်။ (၂၃) ကြိမ်မြောက်ပြိုင်ပွဲကြီးတုန်းက အကထူးချွန် ရွှေတံဆိပ်ဆုရရှိခဲ့တဲ့အတွက် ဒီနှစ်လည်း ရွှေတံဆိပ်ဆု မျှော်မှန်းထားပါတယ်။ အခြေခံအကကို သေချာနားလည်မှသာ အကပေါင်းများစွာကို စနစ်တကျကနိုင်မှာ ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်မှုအစ အကအဆုံး မြန်မာ့ယဉ်ကျေးမှုအတွက် အများကြီး အရေးပါပါတယ်။ အခုလို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှာ ကဗျာလွတ်အကကို ထည့်သွင်းပေးတဲ့အတွက် ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အနုပညာတွေကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအကုန်လုံး မြန်မာယဉ်ကျေးမှုအကသာမက တိုင်းရင်းသားအကတွေပါ ဖော်ပြခွင့်ရတဲ့အတွက် စည်းလုံးညီညွတ်မှုတွေ ရှိလာပါတယ်။ ဒီပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်တဲ့ အကပြိုင်ပွဲဝင်တွေက နောင်တစ်ချိန်မှာ တစ်ဦးချင်းပြိုင်ပွဲတွေလည်း ရှိလာနိုင်ပါတယ်။ ကဗျာလွတ်အက က အခြေခံအကပညာဖြစ်တဲ့အတွက် ဒီပြိုင်ပွဲကြီးမှာ ထည့်သွင်းပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဒေါက်တာလှမေဦး (အုပ်ချုပ်သူ- ရန်ကုန်တိုင်းဒေသကြီး)

(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ဘာသာရပ် အားလုံးကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်‌တွေကို စက်တင်ဘာ ၂၄ ရက်မှာ စတင်စခန်းသွင်း လေ့ကျင့်ခဲ့ပါတယ်။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် နည်းပြတွေနဲ့ အနီးကပ် ကြီးကြပ်လေ့ကျင့်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေအားလုံးက ကြိုးစားပြီး အနုပညာအပေါ် စိတ်ဝင်စားမှုတွေလည်း ရှိကြပါတယ်။ ဒီပြိုင်ပွဲကြီးမှာ တက်တက်ကြွကြွနဲ့ ယှဉ်ပြိုင်မှုတွေကို အားရကျေနပ်ရပါတယ်။ ရှမ်းတိုင်းရင်းသားရိုးရာအကကိုလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖြစ်စေဖို့အတွက် အစစအရာရာ ပြင်ဆင်လာပါတယ်။ ဒီလိုပြိုင်ပွဲကြီး ကျင်းပပေးခြင်းအားဖြင့် မျိုးဆက်သစ် အနုပညာရှင်တွေလည်း ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေဖြစ်တဲ့ အဆို၊ အက၊ အရေး၊ အတီးအားလုံးက လူငယ်တွေကြားထဲမှာ မပျောက်ပျက်အောင် ထိန်းသိမ်းပေးတဲ့ပွဲကြီးဖြစ်တဲ့အတွက် ဝမ်းသာဂုဏ်ယူရပါတယ်။ ဒီပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း အလွန်ဝမ်းသာကြည်နူး ဖြစ်မိပါတယ်။

မအေးပွင့်ဖြူ (ကရင်ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်)

ကျွန်မက ရုပ်သေးကြိုးဆွဲပြိုင်ပွဲ ဝါသနာရှင် ဒုတိယတန်းမှာ ကရင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ရုပ်သေးကြိုးဆွဲမှာဆိုရင် ဆွဲလို့ရတဲ့ ရုပ်သေးရုပ်တွေ အများကြီးရှိပါတယ်။ ရုပ်သေးရုပ်မှာဆိုရင် ဘီလူး၊ မျောက်၊ ဇော်၊ မင်းသား၊ မင်းသမီး၊ သူငယ်တော်တို့ ရှိပါတယ်။ ရုပ်သေးကြိုးဆွဲရဲ့ အခြေခံပညာက သူငယ်တော်အက ရုပ်သေးကြိုးဆွဲပဲ ဖြစ်ပါတယ်။ သူငယ်တော်အကမှတစ်ဆင့် အပျိုတော်၊ နတ်ကတော်အရုပ်တွေကို ဆွဲရပါတယ်။ ဒီနေ့ပြိုင်ပွဲမှာတော့ မင်းသား၊ မင်းသမီးအရုပ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ကျွန်မက မြန်မာမှုသဘောကျတဲ့အတွက် ရုပ်သေးပညာကို အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်မှာ တက်ရောက်တဲ့အချိန်ကစတင်ပြီး သင်ကြားခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရချင်လို့ အကောင်းဆုံးကြိုးစားထားပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်တွေအားလုံး ဗဟိုအဆင့်အထိ ရောက်လာကြတော့ အားလုံးက ကြိုးစားထားကြတဲ့ အတွက် ရွှေတံဆိပ်ဆုပဲရချင်နေကြမှာ ဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက် တစ်နေရာတည်းမှာ တိုင်းရင်းသားဒေသပေါင်းစုံက ယဉ်ကျေးမှုတွေ၊ ဝတ်စားဆင်ယင်မှုတွေ ဖလှယ်ခွင့်ရပါတယ်။ ရုပ်သေးပညာတွေကို သင်ယူခွင့်နဲ့ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ရတဲ့အတွက် မျိုးဆက်သစ်တွေရဲ့ စိတ်ဝင်စားမှုတွေ ပိုမိုရရှိစေလာမှာ ဖြစ်ပါတယ်။ ကျွန်မတို့ကလည်း အကောင်းဆုံး ကြိုးဆွဲကပြမယ်ဆိုတော့ စိတ်ဝင်စားမှုတွေက အတိုင်းထက်အလွန် ဖြစ်သွားစေပါတယ်။

မရွှန်းလဲ့လဝန်း (ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်)

ကျွန်မကတော့ ဒီနေ့မှာကျင်းပတဲ့ ကဗျာလွတ်အကမှာ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ကဗျာလွတ်အကမှာ စုစုပေါင်း ၁၈ ယောက်ပါပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုတွေအောက်မှာ ပင်ပင်ပန်းပန်း ကြိုးစားသင်ယူခဲ့ပါတယ်။ အဖွဲ့လိုက် ညီညီညာညာနဲ့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီနှစ်မှာ ပထမဆုံး ပါဝင်ယှဉ်ပြိုင်ပေမယ့် ပထမဆုမျှော်မှန်းထားပါတယ်။ ဒီလိုပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက် ကိုယ့်ရဲ့ဝါသနာတွေကို ပေါ်လွင်အောင် လုပ်ပြနိုင်တဲ့အတွက် အလွန်ဝမ်းသာပါတယ်။ မောင်လေး၊ ညီမလေးတွေလည်း ဒီလိုပြိုင်ပွဲကြီးတွေကို ပါဝင်ယှဉ်ပြိုင်ကြပါ၊ ယှဉ်ပြိုင်မှုစိတ်ဓာတ်လည်း ရရှိစေပါတယ်လို့ ပြောချင်ပါတယ်။

မောင်ပိုင်ဖြိုးကို (ချင်းပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်)

ကျွန်တော်က ဒီနေ့မှာ ဝါသနာရှင်ဒုတိယန်းအဆင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်သီချင်းတွေကတော့ လုလင်ငယ်သွေး၊ လူချွန်လူကောင်း၊ ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု၊ ငြိမ်းချမ်းရေးပန်းခင်း၊ ဖေဖေပြောသောပုံရိပ် သီချင်းတွေပဲ ဖြစ်ပါတယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးဆိုတဲ့ အတိုင်းပဲ စိတ်အားထက်သန်ပြီး မျိုးချစ်စိတ်ထက်သန်တဲ့ သီချင်းတွေဖြစ်တဲ့အတွက် တက်တက်ကြွကြွနဲ့ ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်ထားပါတယ်။ လေ့ကျင့်မှုမှာတော့ အားလုံးဘက်စုံ ပြင်ဆင်ခဲ့ရပါတယ်။ ယခင်နှစ်ကနဲ့မတူဘဲ ဒီနှစ်မှာ ယှဉ်ပြိုင်သူတွေနဲ့ စိတ်ဝင်စားတဲ့သူတွေကလည်း များလာပါတယ်။ ပြိုင်ပွဲသီချင်းတွေကလည်း သီဆိုလို့ကောင်းတဲ့ သီချင်းတွေဖြစ်တဲ့အတွက် အားလုံးက တော်တော်ကြိုးစားထားကြပါတယ်။ မနှစ်ကလည်း ရွှေတံဆိပ်ဆုရရှိခဲ့အတွက် ဒီနှစ်ကိုလည်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုရဲ့ အမွေအနှစ်တစ်ခုဖြစ်တဲ့ မဟာဂီတ ဘာသာရပ်ဆိုရင် ဒီပြိုင်ပွဲကြီးမှာ အဓိကပါဝင်သင့်တဲ့ ဘာသာရပ်တစ်ခုပဲ ဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးကျင်းပပေးတဲ့အတွက်ကြောင့် မဟာဂီတဘာသာရပ်အပြင် အခြားသော တိမ်ကောနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ အနုပညာရှင်‌တွေ အများကြီး ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

မောင်ဇင်ကိုခန့် (ချင်းပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်)

ကျွန်တော်က ချင်းပြည်နယ်ကိုယ်စားပြုမှာ ရုပ်သေးကြိုးဆွဲ ဝါသနာရှင် ဒုတိယတန်းအဆင့်နဲ့ အဆင့်မြင့်ပညာ အကပြိုင်ပွဲတို့ကို ပါဝင်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဒီနေ့ရုပ်သေးကြိုးဆွဲ ဝါသနာရှင်အဆင့်ဆိုရင် ပြိုင်ပွဲဝင်အားလုံးက မင်းသားရုပ်နဲ့ မင်းသမီးရုပ် နှစ်မျိုးလုံးကို ကြိုးဆွဲယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပထမဆုံးအနေနဲ့ ပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ဒီရုပ်သေးပညာကို ယဉ်ကျေးမှုတက္ကသိုလ်စတက်တဲ့အချိန်မှာ စတင်သင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဆုတံဆိပ်နဲ့ ပတ်သက်လို့ကတော့ ပြိုင်ပွဲဝင်အားလုံးက ရွှေတံဆိပ်ပဲမျှော်မှန်းကြတာပဲ ဖြစ်ပါတယ်။ ကျွန်တော်လည်း လိုချင်တာကတော့ ရွှေတံဆိပ်ဆုပဲဖြစ်ပါတယ်။ ရုပ်သေးပညာဟာဆိုရင် ပျောက်ကွယ်လု နီးပါးဖြစ်နေပါပြီ။ ဒီလိုပြိုင်ပွဲကြီးမှာ ရုပ်သေးပညာရပ် ထည့်သွင်းကျင်းပတဲ့အတွက် မျိုးဆက်သစ်တွေက အမွေအနှစ်တစ်ခုကို ထိန်းသိမ်းသလို ဖြစ်သွားပါတယ်။ ဒီအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပေးတဲ့အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အတွက်သာမက ကျွန်တော်တို့အတွက်လည်း အကျိုးကျေးဇူးတွေ အများကြီးရရှိစေပါတယ်။

မချောစုပို (စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်)

ကျွန်မက စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြုနဲ့ ရှမ်းတိုင်းရင်းသားရိုးရာအက အလွတ်တန်းကို ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသား ရှစ်မျိုးထဲမှာ မနှစ်က မွန်အကနဲ့ယှဉ်ပြိုင်ပြီး ဒီနှစ်မှာ တော့ ရှမ်းတိုင်းရင်းသားရိုးရာအက ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ တစ်နှစ်ကို တိုင်းရင်းသားအက တစ်မျိုးစီ စီစဉ်ပေးတဲ့အတွက် တိုင်းရင်းသားအားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ရရှိစေမယ်လို့ ထင်ပါတယ်။

မောင်မောင်ကောင်းခန့်ဇွဲ (ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်)

ကျွန်တော်က အခြေခံပညာ ၁၀နှစ်မှ ၁၅ နှစ်အတွင်း ဂီတာအတီးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်က ဂီတာအတီးကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အဘိုးက ဂီတာပညာရှင်ဖြစ်တဲ့အတွက် အဘိုးရဲ့အမွေကို ဆက်ခံချင်လို့ အဘိုးဆီက သင်ယူခဲ့တာဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။

တွေ့ဆုံမေးမြန်း

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ-အောင်သန့်