Skip to main content

ရန်ကုန်တိုင်းဒေသကြီး၂၀၂၃ ခုနှစ်၊စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ် ဈေးရောင်းပွဲတော်ဖွင့်ပွဲကျင်းပ

ရန်ကုန် အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင်ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်အဖွင့်အမှာ စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယ ဥက္ကဋ္ဌစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ စက်မှုဇုန်များမှ ဇုန် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။

ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှတိုင်းရင်းသား၊ တိုင်းရင်းသူလေးများက ထာဝရသစ္စာ တေးသီချင်းဖြင့်လည်းကောင်း၊ ဘင်ခရာအဖွဲ့များက လည်းကောင်းဖျော်ဖြေတင်‌ဆက်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဖျော်ဖြေတင်ဆက်ကြသော အဖွဲ့များအားဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ယင်းနောက်အခမ်းအနား တက်ရောက်လာကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဈေးဆိုင်ခန်းများတွင် ဈေးရောင်းချနေမှုများကို လှည့်လည်ကြည့်ရူ အားပေးခဲ့ကြသည်။

ယခုကျင်းပသည့် “၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ် ဈေးရောင်းပွဲတော်" တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ UMFCCI နှင့် ညီနောင်အသင်းများဖြစ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ MSME လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံလက်လီ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံအမျိုး သမီးစွမ်းဆောင်ရှင်များအသင်း၊ လူငယ်စွန့်ဦးတီထွင် သူများအသင်း၊ ကွန်ပျူတာအသင်းချုပ်၊ အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့မှ ထုတ်ကုန် အရောင်းပြခန်းများ၊ ဆန်၊ ဆီနှင့် ဟင်းသီးဟင်းရွက်ဆိုင်ခန်းကြီးများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန် အရောင်းပြခန်း များပါရှိပြီး အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက် ရောင်းချသောထုတ်ကုန်ပစ္စည်း အရောင်းပြခန်းများအပါအဝင် ဆိုင်ခန်းပေါင်း (၅ဝဝ)ခန့်ပြသရောင်းချ မည်ဖြစ်သည်။

ပွဲတော်ရက်များအတွင်းနေ့စဉ် E-Sport Game ပြိုင်ပွဲများ၊ စတုဒိသာကျွေးမွေးခြင်းများ၊ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားသောအနုပညာရှင်များ၏ ဖျော်ဖြေတင် ဆက်မှုများ၊ Circus ၊ မျက်လှည့်၊ DJ ၊ Dancer များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်ကြ မှာဖြစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် အခြေခံစားကုန် များကိုဈေးနှုန်း ချိုသာစွာဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ ပွဲတော်လာပြည်သူများသွားရေး လာရေး လွယ်ကူစေရန် အကြို/အပို့ ကားများ စီစဉ်ထားကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)