Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၆

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များကို ရွှေနန်းထိုက်ဟိုတယ်၌ တွေ့ဆုံသည်။

အဓိကကျသော အခန်းကဏ္ဍအနေဖြင့်ပါဝင်

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်ခု၏ စီးပွားရေးကို တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျသော အခန်းကဏ္ဍအနေဖြင့် ပါဝင်နေကြောင်း၊ ခရီးသွားလုပ်ငန်း အောင်မြင်တိုးတက်လာသည်နှင့် ထိုဒေသရှိပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာခြင်း၊ ဝင်ငွေတိုးတက်လာခြင်းတို့ကြောင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ခြင်းကို ခရီးသွားလုပ်ငန်း၏ တိုက်ရိုက်အကျိုးဆက်များအဖြစ် အထင်အရှား တွေ့မြင်နိုင်ပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိသည့်ကဏ္ဍများတွင်လည်း သွယ်ဝိုက်သောအကျိုးကျေးဇူးများ ခံစားရရှိစေပါကြောင်း။

မန္တလေးခရီးစဉ်ဒေသ၊ ပုဂံခရီးစဉ်ဒေသနှင့် ပြင်ဦးလွင်ခရီးစဉ်ဒေသတို့သည် ပြည်ပခရီးသွားများသာမက ပြည်တွင်းခရီးသွားများပါ ကြိုက်နှစ်သက် ကြောင်းကို ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်းခရီးသွားများ လာရောက်မှုစာရင်းများအရ တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်ပခရီးသည်ဝင်ရောက်မှုကို တိုးတက်အောင်ဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းခရီးသွားများအတွက်လည်း သွားလာ၊ နေထိုင်စားသောက်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး၊ ပြည်တွင်းခရီးသွားများ ကြိုက်နှစ်သက်သောဆွဲဆောင်မှုများ၊ Activities များ၊ ဝန်ဆောင်မှုကောင်းများပေးနိုင်ရေးအတွက် ပြင်ဆင်လေ့ကျင့် ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆွေးနွေးတင်ပြ

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ရှိ နိုင်ငံပိုင်ဟိုတယ်များဖြစ်သည့် မိတ္ထီလာဟိုတယ်နှင့် ဝန်ဇင်းဟိုတယ်သို့သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်