Skip to main content

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း ၆၂၃ တွဲရောင်းချနိုင်ခဲ့

နေပြည်တော် အောက်တိုဘာ ၂၆

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက်သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ ၇၅၃ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၆၂၃ တွဲ ရောင်းချရကြောင်း ထုတ်ပြန်ကြေညာသည်။

ပြပွဲအဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ ကို ပြည်တွင်းရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သတ်မှတ်တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ယင်းကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာ ၂၇ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ကြေညာသွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ပုလဲအတွဲ ၃၀၀ နှင့် ကျောက်မျက် အတွဲ ၇၃ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်းပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။ ထို့ပြင်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက် ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက် ကျောက်စိမ်းအတွဲ ၇၀၂ တွဲကို လည်းကောင်း၊ ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက် ကျောက်စိမ်းအတွဲ ၆၀၁ တွဲကို လည်းကောင်း၊ ပြပွဲသတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၅၃ တွဲအနက် ကျောက်စိမ်းအတွဲ ၆၂၃ တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျောက်စိမ်းအတွဲ ၁၇၉၂ တွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၂၈ ရက်အထိ ပြည်တွင်းရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်