Skip to main content

ဒုတိယဝန်ကြီးဦးရဲတင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြား

နေပြည်တော် အောက်တိုဘာ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်ရုံး၊ ဟင်္သာတခရိုင်ရုံးနှင့် ဟင်္သာတမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အင်္ဂပူမြို့နယ်ရုံး၊ မြန်အောင်မြို့နယ်ရုံး၊ ကြံခင်းမြို့နယ်ရုံးနှင့် ပဲခူးတိုင်းဒေသကြီး ပန်းတောင်း မြို့နယ်ရုံးတို့ကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအားတွေ့ဆုံသည်။

ယနေ့နံနက်ပိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးကာ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပေါက်ခေါင်းမြို့နယ်၊ သဲကုန်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့မှ ဦးစီးမှူးများအားတွေ့ဆုံ၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြည်မြို့ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဇုန်နယ်တာဝန်ခံအပါအဝင် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပေါင်းတည်မြို့နယ်ရုံး၊ နတ်တလင်းမြို့နယ်ရုံး၊ ဇီးကုန်းမြို့နယ်ရုံး၊ ကြို့ပင်ကောက်မြို့နယ်ရုံး၊ အုတ်ဖိုမြို့နယ်ရုံးနှင့် မင်းလှမြို့နယ်ရုံးတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ညနေပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သာယာဝတီခရိုင်ရုံးကို ကြည့်ရှုစစ်ဆေး၍ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် မိမိတို့၏ အဓိကတာဝန်ဖြစ်သည့် ပြန်ကြားရေးနှင့်  အသိပညာပေးလုပ်ငန်းများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊  ကျေးရွာစာကြည့်တိုက်များ ရှင်သန်တိုးတက်ရေး ညှိနှိုင်းဆောင်ရွက်ကြရန်၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အသိပညာဗဟုသုတ ပြန့်ပွားစေရေးကို အလေးထားဆောင်ရွက်ကြရန်၊ လူငယ်များအကြား မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို အလေးထားပြီး နိုင်ငံခြားယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာမှုကို တားဆီးကာကွယ်ရေး အသိပညာပေးရန်။

မကြာမီ ကျရောက်မည့် အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့တို့တွင် ဦးတည်ချက်များနှင့်အညီ ကျင်းပနိုင်ရေး၊ အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန်၊ ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အားလပ်ရက် အလဟဿမဖြစ်စေရေး သင်တန်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန်၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် အဓိဋ္ဌာန်နှင့် ကျင့်ဝတ်များကိုလိုက်နာပြီး စည်းကမ်းပြည့်ဝသော တာဝန်ကျေပွန်သော ဝန်ထမ်းကောင်းများ ဖြစ်အောင်ကြိုးစားကြရန်၊ အဆောက်အဦနှင့် စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိ စေရေးအမြဲစစ်ဆေးထိန်းသိမ်းပြုပြင်ကြရန်၊ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ အောင်မြင်ရေးကို သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်ကြရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ ရုံးပိုင်းဆိုင်ရာနှင့် ဝန်ထမ်းရေးရာတင်ပြချက်များကို ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ခရိုင်(ပြန်/ဆက်)