Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ပါတီဝင်အင်အားများကို ဥပဒေနှင့်အညီ စုဆောင်းထူထောင်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြား

နေပြည်တော် အောက်တိုဘာ ၂၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် ပြည်မြို့ မြို့တော်ခန်းမ၌ နိုင်ငံရေးပါတီ ၆ ပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များကို တွေ့ဆုံ၍ ပါတီဝင်အင်အားများ စုဆောင်းမှုကအစ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် လည်းကောင်း၊ နည်းဥပဒေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင်လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းစည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်အင်အား အနည်းဆုံး ၁၀၀၀၀၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ ထို့အတူမှတ်ပုံတင်ခွင့် ရသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံးသတ်မှတ်ထားသည့် ရုံးခန်းအရေအတွက်ကို ဖွင့်လှစ်ရမည်ဖြစ်ပါကြောင်း၊ သတ်မှတ်ကာလအတွင်း အနည်းဆုံးစည်းရုံးရမည့် ပါတီဝင်ဦးရေမပြည့်မီခြင်း၊ သတ်မှတ်ကာလအတွင်း ရုံးခန်းဖွင့်လှစ်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည် မဟုတ်ပါကြောင်း။

ယခုကဲ့သို့ နိုင်ငံရေးပါတီများကို ကော်မရှင်မှ စိစစ်ရခြင်းမှာ နိုင်ငံရေးပါတီများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံ၍ နိုင်ငံ၏အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်မည့်သူများ ဖြစ်လာမည်ဖြစ်၍ ဥပဒေနှင့်ညီညွတ်သည့် ခိုင်မာအားကောင်းသောပါတီထူထောင်မှုရရှိစေရန်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ အမှတ်စဉ်(၅)ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန်ဖြစ်စေရေး၊ မဲမသမာမှုများ မဖြစ်စေရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ကွန်ပျူတာတက္ကသိုလ်များမှ ပညာရှင်များ၏ နည်းပညာနှင့် ကျွမ်းကျင်မှုအကူအညီရယူပြီး CVLMS (Central Voter List Management System) ဆော့ဝဲလ်အပါအဝင် အဆင့်မြင့်အိုင်တီနည်းပညာများ အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကို မြန်မာနိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် တီထွင်ပြုလုပ်ခဲ့ပြီး ယခုအခါ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူများကို လက်တွေ့စမ်းသပ်မဲပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများက ပါတီဝင်အင်အားစာရင်းများ မှန်ကန်စေရေးအတွက် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) တို့မှတိုင်းဒေသကြီး ပါတီကော်မတီဥက္ကဋ္ဌများက ပါတီအလိုက်အင်အားစာရင်းများ ဥပဒေနှင့်အညီ မှန်ကန်စေရေးအတွက် စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများကိုတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အရာရှိများ၊ ပဲခူးတိုင်းဒေသကြီးအတွင်း စည်းရုံးဆောင်ရွက်မည့် ပါတီဝင်အင်အား စာရင်းတင်ပြထားသည့် နိုင်ငံရေးပါတီ ၆ ပါတီ မှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်