နေပြည်တော် အောက်တိုဘာ ၂၆
နေပြည်တော်ကောင်စီ၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်းရှိ MSME လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် MSME လုပ်ငန်းများကို အားသွန်ခွန်စိုက် ထုတ်လုပ်ခြင်းအားဖြင့် နိုင်ငံ၏ GDP တိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်အောင် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်ကို Clean City, Green City, Smart City ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် ဌာနဆိုင်ရာများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သီတင်းကျွတ်လပြည့်နေ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ဆီမီးကိုးထောင် ပူဇော်မည့်ကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ခရီးသွားများ လွယ်ကူစွာသွားလာနိုင်ရေးအတွက် ပွင့်လင်းရာသီတွင် လမ်းများအားလုံးကောင်းမွန် စေရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆောင်းသီးနှံ၊ နွေစပါးနှင့် ရေရရှိမှု အပေါ်မူတည်၍ နွေစပါး၊ Contract Farning များ စိုက်ပျိုးမှုအခြေအနေများ၊ နေပြည်တော်တွင် ဝက်များ ဆာဗိုဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု၊ ရောဂါထိန်းချုပ်မှု၊ ဇီဝလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာတွင် ဝက်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ တောင်ကျရေကြောင့် ကမ်းပါးပြိုလုပ်ငန်းများ ထိန်းသိမ်းခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ စားသုံးဆီရောက်ရှိဖြန့်ခွဲမှုအခြေအနေများ၊ Quick Win အစီအမံ(၅)ရပ်နှင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိမှုအခြေအနေများ၊ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ လမ်းတံတားများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး လုပ်ငန်းများအောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
