Skip to main content

အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးဟာ ဝါရင့်အနုပညာရှင်ကြီးတွေအနေနဲ့ မျိုးဆက်သစ်တွေကို အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးတဲ့ ပွဲကြီးတစ်ခုလို့ မြင်မိပါတယ်

ဦးစန်းကို (တိုင်းရင်းသားရေးရာဝန်ကြီး-ကရင်ပြည်နယ်)

မြန်မာ့ရိုးရာယဉ်ကျေးမှု သုခုမအမွေအနှစ်များကိုဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ဂုဏ်သိက္ခာကို အလေးထားတန်ဖိုးထား ထိန်းသိမ်းရန်အတွက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များနှင့်တွေ့ဆုံ၍ ၎င်းတို့၏ရင်တွင်းခံစားချက်များကို မေးမြန်းဖော်ထုတ်ရေးသားတင်ပြလိုက်ရပါသည်။

ဦးစန်းကို (တိုင်းရင်းသားရေးရာဝန်ကြီး-ကရင်ပြည်နယ်)

ကျွန်တော်က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ကရင်ပြည်နယ် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပါတယ်။ ကျွန်တော်တို့ ပြည်နယ်က (၂၄)ကြိမ်မြောက် ပြိုင်ပွဲကြီးမှာ ပြိုင်ပွဲဝင် စုစုပေါင်း ၁၇၄ ဦး ပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ရက်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဗဟိုပြိုင်ပွဲဝင်မယ့်အဖွဲ့တွေကို အချိန်တစ်လခန့် စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။  ဒီနှစ်မှာ အက၊ အရေး၊ အတီးကို ပိုပြီးပြင်ဆင်ခဲ့တဲ့အတွက် ဆုများစွာရရှိမယ်လို့ မျှော်မှန်းထားပါတယ်။ကျွန်တော်တို့အနေနဲ့ ဇာတ်တော်ကြီးကလွဲလို့ ကျန်တဲ့ပြိုင်ပွဲဝင်ဘာသာရပ်အားလုံးကို ပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲကြီးမှာ ထူးခြားချက်အနေနဲ့ ရုပ်စုံသဘင်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ထားပါတယ်။

အခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပခြင်းအားဖြင့် မြန်မာတို့ရဲ့ ယဉ်ကျေးမှုအနုပညာ၊ အနုသုခုမပညာတွေကို လူငယ်တွေအတွက် လက်ဆင့်ကမ်းထိန်းသိမ်းတယ်လို့ မြင်မိပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဟာ ဝါရင့်အနုပညာရှင်ကြီးတွေအနေနဲ့ မျိုးဆက်သစ်တွေကို  အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးတဲ့ ပွဲကြီးတစ်ခုလို့ မြင်မိပါတယ်။ ကျွန်တော်တို့က လူငယ်တွေကို အသီးသီးသော တာဝန်တွေကို အချိန်တန်ရင် ပခုံးပြောင်းလွှဲပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာကိုလည်း လွှဲပြောင်းအမွေဆက်ခံခြင်းအားဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုတွေဟာ ကမ္ဘာတည်သရွေ့ တည်တံ့နေမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဦးဌေးအောင် (ဥပဒေချုပ် - ရန်ကုန်တိုင်းဒေသကြီး)

နိုင်ငံတော်အကြီးအကဲက မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ မပျောက်ပျက်အောင်  အဓိကရည်ရွယ်ပြီး ကျင်းပပေးတဲ့ ပြိုင်ပွဲကြီးဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်တာ ၂၄ နှစ်တိတိရှိခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲကြီးမှာဘာသာရပ်အားလုံးကို ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဆိုပြိုင်ပွဲမှာ ၂၄ ဦး၊ အကပြိုင်ပွဲမှာ ၁၄၆ ဦး၊ အရေးပြိုင်ပွဲမှာ လေးဦးနဲ့ အတီးမှာ ၂၁၄ ဦး စုစုပေါင်း ၃၈၈ ဦးက ဘာသာရပ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။ ပြိုင်ပွဲဝင်သူတိုင်းက ငါးနှစ်အရွယ်ကလေးမှစပြီး ဝါသနာရှင် ပထမတန်းအထိ အသက်အရွယ်မျိုးစုံ ပါဝင်ကြပါတယ်။ မျိုးဆက်သစ်လူငယ်လေးတွေလည်း ပါဝင်သလို ရွက်ပုန်းသီးပညာရှင်တွေလည်း အများကြီးပါဝင်ပါတယ်။

ကျွန်တော်တို့တိုင်းဒေသကြီးအနေနဲ့ (၂၃) ကြိမ်မြောက်တုန်းက ရွှေတံဆိပ်ဆု ၇၉ ဆုနဲ့ ပထမရရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ယမန်နှစ်ကအတိုင်း အလားတူ ရွှေတံဆိပ်တွေရရှိဖို့အတွက် လေ့ကျင့်ရေးစခန်းသွင်းပြီး ကြိုးစားထားပါတယ်။ ဒီနှစ်အတွက်လည်းပဲ ယမန်နှစ်ကထက် ရွှေတံဆိပ်ဆုတွေ ရရှိမယ်လို့ မျှော်မှန်းထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနှစ်ပြိုင်ပွဲကြီးမှာ တိုင်းဒေသကြီး ဂုဏ်နဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ ကြိုးစားထားပါတယ်။

ဒါ့အပြင် ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မယ့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ၊ လူငယ်မျိုးဆက်သစ်တွေ၊ ရွက်ပုန်းသီးပညာရှင်တွေက ယခုနှစ်တွင်သာမက နောင်နှစ်တွေမှာလည်း ဆက်လက်ယှဉ်ပြိုင်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ ယဉ်ကျေးသောစိတ်သည် ချမ်းသာခြင်းကို ဆောင်ရွက်နိုင်၏ဆိုတဲ့ အဆိုအမိန့်နဲ့အညီ ယဉ်ကျေးသိမ်မွေ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မယ့် မျိုးဆက်သစ်တွေအားလုံးဟာ နိုင်ငံ့တာဝန်ကို ယဉ်ကျေးမှုကဏ္ဍကနေ တစ်တပ်တစ်အား ဆက်လက်ဆောင်ရွက်သွားနိုင်အောင် ကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်။

ဦးသက်ဆွေ(အကဲဖြတ်ပညာရှင်)

ကျွန်တော်က မဟာဂီတအဆိုပြိုင်ပွဲမှာ အကဲဖြတ်အဖွဲ့ဝင်အဖြစ် တာဝန်ယူထားပါတယ်။ ဒီမဟာဂီတအဆိုပြိုင်ပွဲမှာ အမှတ်ပေးစည်းမျဉ်း ငါးရပ်ရှိပါတယ်။ မူရင်းအတိုင်း သီဆိုနိုင်ရမယ်၊ ဆိုနည်းဆိုဟန်၊ အဆိုနည်းစနစ်မှန်ကန်ရမယ်၊ စည်းဝါးကို ကိုယ်တိုင်တီးခတ်ပြီး သီဆိုရမယ်၊ သီဆိုနေချိန်မှာ နားထောင်တဲ့ ပရိသတ်ရဲ့ ရင်ထဲမှာ ခံစားမှုဖြစ်ရမယ်၊ ပင်ကိုသံက ဘယ်လိုရှိသလဲ၊ အဲဒီအချက်တွေကို အခြေခံပြီး အမှတ်ပေးရပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ကျင်းပပေးတာဟာ အင်မတန် အကျိုးသက်ရောက်ပါတယ်။ ကျွန်တော်တို့ရဲ့ဂီတဟာ နှစ်ပေါင်းရာချီကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့က အသက်တွေကြီးလာတဲ့အခါ မျိုးဆက်သစ်တွေကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲကြီးကနေ ပညာအမွေတွေ ရရှိသွားမှာဖြစ်တဲ့အတွက် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တွေကို လက်ဆင့်ကမ်းလွှဲပေးလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။

ဒီလိုပြိုင်ပွဲကြီးတွေ ကျင်းပပေးတဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ရွက်ပုန်းသီးလေးတွေကလည်း စိတ်ဝင်စားလာကြပါတယ်။ ဒီပြိုင်ပွဲကြီးကို စိတ်ဝင်စားလာတဲ့အခါ ကိုယ့်ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတတ်တဲ့ စိတ်ဓာတ်တွေပါလာမှာပဲ ဖြစ်ပါတယ်။ အဲဒီလို  စိတ်ဓာတ်တွေပါလာခဲ့ရင် အနောက်နိုင်ငံက ထိုးဖောက်လာတဲ့ နိုင်ငံခြားတေးဂီတတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရိုးရာ၊ ကိုယ့်ဂီတကို ချစ်မြတ်နိုးရင် အခြားနိုင်ငံကဂီတတွေ ဝင်ရောက်လာမှု လျော့နည်းသွားမယ်လို့ ထင်ပါတယ်။ ဒီပြိုင်ပွဲကြီးရှိနေတဲ့အတွက် မျိုးဆက်သစ်တွေက မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို ပိုပြီးသိရှိသွားမယ်၊ ရိုးရာဂီတကိုလည်း အလိုလိုထိန်းသိမ်းရာလည်း ဖြစ်သွားမယ်လို့ ထင်ပါတယ်။

မောင်ချမ်းမင်းနိုင်(ကချင်ပြည်နယ် ကိုယ်စားပြုပြိုင်ပွဲဝင်)

ကျွန်တော်က ဒီနှစ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ သုံးမျိုး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အခြေခံပညာ အသက် ၁၅ နှစ်နဲ့ ၂၀ နှစ် အမျိုးသား စောင်းအတီးပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးပါပြီ။ ဒီနေ့မှာ အခြေခံပညာအသက် ၁၅ နှစ်နဲ့ ၂၀ နှစ် စန္ဒရားအတီးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာ မဟာဂီတအဆိုပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကျွန်တော်က အသက် ၅ နှစ်နဲ့ ၁၀ နှစ်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲကိုတော့ (၂၃) ကြိမ်မြောက်မှ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ဗဟိုအဆင့်ကို မနှစ်ကမှ စတင်ယှဉ်ပြိုင်တာဖြစ်တဲ့ အတွက် ဆုတံဆိပ်တွေ မရရှိခဲ့ပါဘူး။ အတွေ့အကြုံအသစ်တွေ အများကြီးရရှိပါတယ်။ ဒီနှစ်ပြိုင်ပွဲကြီးမှာတော့ စန္ဒရားအတီးပြိုင်ပွဲနဲ့ မဟာဂီတအဆိုပြိုင်ပွဲကို ပိုပြီးအားရတဲ့အတွက် ရွှေတံဆိပ်မျှော်မှန်းထားပါတယ်။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားထားပါတယ်။ ဒီလိုပြိုင်ပွဲကြီးတွေ ကျင်းပပေးတဲ့အတွက် မျိုးဆက်သစ်တွေ ပေါ်ထွန်းလာပါတယ်။ ဒီလိုပြိုင်ပွဲတွေမှာ တကယ်ပါဝင်ယှဉ်ပြိုင်ကြိုးစားကြည့်တဲ့အခါ နက်နဲသိမ်မွေ့မှုတွေကို တွေ့ရပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ခံစားကြည့်စေချင်ပါတယ်။ ဒီလိုနက်နဲသိမ်မွေ့မှုကို ကိုယ်တိုင်ခံစားကြည့်မှ သိရမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။

မောင်မိုးထက်အောင်(တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်)

ကျွန်တော်က တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်အနေနဲ့ ဝါသနာရှင်အဆင့် ပထမတန်းအမျိုးသားအကပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အရင်တုန်းကလည်း အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ငွေတံဆိပ်နှစ်ကြိမ် ရရှိခဲ့ဖူးပါတယ်။ ဒီနှစ်အတွက်တော့ အကောင်းဆုံး ကြိုးစားထားတဲ့အတွက် ရွှေတံဆိပ်ဆု မျှော်မှန်းထားပါတယ်။ ဒီပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ဆရာတွေနဲ့ အဆိုပိုင်းရော၊ အကပိုင်းရော အားလုံးအကောင်းဆုံး ကြိုးစားထားပါတယ်။ ဒီလိုနိုင်ငံတော် အဆင့်ပြိုင်ပွဲကြီးကနေတစ်ဆင့် အကျိုးကျေးဇူးတွေလည်း အများကြီးရရှိခဲ့ပါတယ်။ ၂၀၁၆ ပြိုင်ပွဲပြီးကတည်းက ပြိုင်ပွဲတွေ မကျင်းပခဲ့ရတာ အတော်ကြာပါပြီ။ မနှစ်က ပြန်လည်စတင်ကျင်းပပေးခဲ့တဲ့အတွက် နောင်နှစ်တွေမှာလည်း နှစ်စဉ် ကျင်းပပေးစေချင်ပါတယ်။

မစန်းစန်းဌေး(ရခိုင်ပြည်နယ် ကိုယ်စားပြုပြိုင်ပွဲဝင်)

ကျွန်မက အခြေခံပညာ အသက် ၁၀ နှစ်နဲ့ ၁၅ နှစ် အကပြိုင်ပွဲမှာ ရခိုင်ပြည်နယ် ကိုယ်စားပြုနဲ့ ပါဝင်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ကျွန်မက အကပညာကို ငယ်ငယ်လေးကတည်းက ဝါသနာပါခဲ့တာဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို (၂၃) ကြိမ်မြောက်က ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ခရိုင်အဆင့်မှာ ဒုတိယဆုရရှိခဲ့လို့ ဗဟိုအဆင့်အထိ မရောက်ခဲ့ပါဘူး။ ဗဟိုအဆင့်ကိုရောက်တာ ဒီနှစ်က ပထမဆုံးဖြစ်ပါတယ်။ ဆုတံဆိပ်ကိုတော့ ရွှေတံဆိပ်ဆု မှန်းထားပါတယ်။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားထားပါတယ်။ အခုလိုပြိုင်ပွဲကြီးတွေ ကျင်းပပေးလို့ပျော်ပါတယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ခွင့်ရလို့ ပျော်ရွှင်ဝမ်းမြောက်မိသလို ဗဟုသုတတွေလည်း အများကြီးရရှိပါတယ်။ ကျွန်မလိုဝါသနာပါတဲ့ သူငယ်ချင်းတွေကိုလည်း ပါဝင်ယှဉ်ပြိုင်စေချင်ပါတယ်။

မောင်မြတ်မင်းခေါင်(ရခိုင်ပြည်နယ် ကိုယ်စားပြုပြိုင်ပွဲဝင်)

ကျွန်တော်က အဆင့်မြင့်ပညာအဆင့် မဟာဂီတနဲ့ ကာလပေါ်အဆိုပြိုင်ပွဲမှာ ရခိုင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ မဟာဂီတအဆိုကို ငယ်ငယ်လေးကတည်းက အိမ်မှာ အဖေ သီဆိုတာကြားပြီး စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့အတွက် ပညာတွေလည်း အများကြီးရရှိစေပါတယ်။ဆရာတွေရဲ့ သင်ကြားပြသမှုတွေနဲ့အတူ ပညာ၊ ဗဟုသုတတွေလည်း ပိုပြီးတိုးတက်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု ဂီတကိုလည်း ပိုပြီးချစ်မြတ်နိုးတဲ့စိတ်လည်း ဖြစ်မိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာရှိတဲ့ မျိုးဆက်သစ်ဝါသနာရှင်တွေအားလုံး ဒီလိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြောချင်ပါတယ်။ ဒီလိုပြိုင်ပွဲကြီးကျင်းပပေးတဲ့အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သလို ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အလွန်ဝမ်းသာပါတယ်။

မောင်လျန်းထက်စိုး(ကချင်ပြည်နယ် ကိုယ်စားပြုပြိုင်ပွဲဝင်)

ကျွန်တော်ကတော့ အခြေခံပညာအဆင့် အသက်၁၀နှစ်နှင့် ၁၅နှစ် အခြေခံကာလပေါ်အဆိုပြိုင်ပွဲမှာ အရွယ်သုံးပါး သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သီချင်းအပေါ်မှာ ကျေနပ်အားရပါတယ်။ ကျွန်တော် ပိုင်နိုင်တဲ့ သီချင်းကျတဲ့အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီပြိုင်ပွဲကို ပထမဆုံးအနေနဲ့ ပါဝင်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ကျွန်တော့်ယှဉ်ပြိုင်မှုအတွက် ပထမ၊ ဒုတိယနဲ့ တတိယဆု တစ်ခုခုရရင် ကျေနပ်ပါတယ်။ သီချင်းဆိုရတာကို ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးအတွက် ကျွန်တော်အများကြီး ကြိုးစားထားပါတယ်။

တွေ့ဆုံမေးမြန်း - အေးအေးသန့်

ဓာတ်ပုံ - အောင်ရဲသွင်